အမှတ်တရ ပင်လယ်ခရီး။

avatar

Hive platform မှာ ပိုစ့်တင်သည့်အခါ
ဓာတ်ပုံများဖြင့် ဝေဝေဆာဆာတင်ချင်သည်။
ထိုသို့ ဝေဝေဆာဆာဓာတ်ပုံများ တင်ရန်အတွက်
အပြင်ထွက်ရမည်။ ခရီးသွားပါက ပို၍
အဆင်ပြေပေမည်။ အပြင်သို့ထွက်ချင်ပါသည်။
ခရီးများလည်း သွားချင်ပါသည်။ သို့သော်
ပေါ့လေ ကိုယ်စိတ်သွားတိုင် မရောက်နိုင်
မသွားနိုင်တော့သည့် အချိန်အခါဖြစ်သည်။

အပြင်ထွက်သည့်အခါ ဖုန်းယူဆောင်ဖို့ပင်
ခက်ခဲနေသည့် အချိန်အခါဆိုတော့။
ကိုယ့်အိမ်ဝင်းထဲမှာပဲ နေထိုင်ကာ ဟိုးယခင်
ခရီးထွက်စဉ်က ပုံဟောင်းလေးများကိုသာ
တခါပြန်ပြီး အသုံးပြုနေရသည်။ ကိုယ်တွေ
ခေတ်ကောင်းစဉ်က ခရီးထွက်ခဲ့သော ဒေသများ
ငြိမ်းချမ်းပါရဲ့လား။

ကျွန်တော် ခရီးသွားခဲ့သော အမှတ်တရခရီး
တခုအကြောင်းရေးပြရပါအုံးမည်။ အာရက္ခ
တပ်တော် အေအေထိုးစစ် ဆင်နေသော
ငွေသောင်းယံကမ်းခြေအနီးရှိ ချောင်းသာ
ကမ်းခြေသို့ ခရီးသွားဖြစ်စဉ်ကို အမှတ်ရ
မိပါသည်။ ကျွန်တော်၏ ပထမဦးဆုံး ပင်လယ်
ဆီသို့ ခရီးသွားခြင်းပေါ့။ ပင်လယ်ကို ရုပ်ရှင်၊
တီဗီနှင့် ဖုန်းများမှာသာ မြင်တွေ့ဖူးသည်။

မြန်မာပြည် အလယ်ပိုင်း အပူပိုင်းဒေသ
မှာ ကြီးပြင်းသူတဦးအဖို့ ပင်လယ်ဆိုသည်က
စိတ်ဝင်စားစရာကောင်းလှသည်။ ပင်လယ်
ဆိုသည်က မည်သို့ မည်ပုံသဘောရှိပါသနည်း။
ကိုယ်တိုင် သိချင်၊ မြင်ချင်၊ ထိတွေ့ချင်သည်။
ပင်လယ်ရေက ငံသည်။ မည်မျှငံသည်ကို
ကိုယ်တိုင် ထိတွေ့သိချင်မိသည်။ ထိုကြောင့်
ပင်လယ်ကို သွားကြည့်ဖို့ စိတ်စောမိသည်။
ရင်ခုန်မိသည်။

ချောင်းသာခရီးကိုသွားဖို့ လိုက်ထရပ်ဖြင့်
စီစဉ်သည်။ ပထမလူဆယ်ဦးသွားဖို့ ဖြစ်သည်။
နောက်တော့ လူဦးရေ တိုးလာကာ ကလေး၊
လူကြီး စုစုပေါင်း ဆယ့်လေးယောက်ဖြစ်သွား
သည်။ ပင်လယ်သို့ ခရီးသွားရမည်ဆိုတော့
စိတ်ထဲမှာ ပျော်သလိုလိုဖြစ်မိသည်။ သို့သော်
ပေါ့လေ ခရီးသွားကြဖို့ အထုပ်အပိုးများဖြင့်
ညအချိန် ကားပေါ်ပစ္စည်းတင်၊ လူတွေကား‌ပေါ်
တက်ကြသည့်အခါမှာ‌တော့။ အဲ့မှာ ပြဿနာစ
တွေ့လေသည်။

မန္တလေးမှ ရန်ကုန်သို့ တညလုံးကားစီးသွား
ရမည်။ ထိုသို့ သွားရာတွင် သက်သောင့်သက်သာ
ဖြစ်ဖို့ လိုပါသည်။ ကျွန်တော်တို့ကား လိုက်ထရပ်သည်
လူ၊ ပစ္စည်းများဖြင့် ပြည့်ညပ်နေသည်။
ကားပေါ်ထိုင်ရသည်မှာ ချောင်ချောင်ချိချိ
မဖြစ်ပေ။ အင်း ဒီပုံစံ၊ ဒီလူစုဖြင့် ဒီခရီးကို
မည်သို့ စခန်းသွားရမည် မသိပေ။ မန္တလေး
မှ အစခရီးအထွက်မှာပင် ပင်လယ်ကြီး၏
စိတ်ကူးခရီးအိပ်မက်က မသာယာနိုင်တော့ပေ။

ကားပေါ်မှာ မသက်မသာဖြင့် ရန်ကုန်မြို့သို့
ရောက်ရှိသည်။ ရန်ကုန်မြို့ထဲမှာပင် ကားဆရာက
တည်းခိုမည့်အိမ် လမ်းမသိ၍ ရှာဖွေနေရသည်ကပင်
ကားပေါ်မှာ တနာရီနီးပါးကြာပေသည်။
တော်ပေသေးဟု ပြောရမည် ရန်ကုန်မှာ
တညအိပ်နား၍ မနက်စောစော ချောင်းသာသို့
ခရီးဆက်ခဲ့သည်။ ရောက်ပါချေပြီ ကိုယ်တွေ
အသည်းအသန်ဖြစ်ခဲ့ပါသော ပင်လယ်ကြီးသို့။

တည်းခိုဖို့ နေရာလိုက်ရှာရပြန်သည်။ ကိုယ်တွေ
သွားသည့်အချိန်က ရုံးပိတ်၊ ဈေးပိတ်နေ့များ
ဆိုတော့။ အားပါးပါး များပြားလိုက်သည့် လူတွေ
မြန်မာပြည်မှာရှိသော လူဦးရေ၏ အပုံမည်မျှ
လာသည်မသိပေ။ ကားတွေပြည့်ကြပ်။
လူတွေပြည့်ကြပ်နေသော ပင်လယ်ကမ်းခြေ
ကြီးပါလေ။ ထိုလူစု လူဝေကြီးကို ကြည့်ကာ
ငါလို အရူးထသော လူတွေအများကြီးပါလား
ဟု။ ပင်လယ်ခရီးသွား ဖီလင်ကြီးကတော့။
ဖြစ်သလိုတည်းခို။ ပင်လယ်ရေ ကမန်းကတန်း
ချိုး။ အမြန်ဆုံးသာ ကိုယ့်မွေးဌာနေ မန္တလေးကို
သာ ပြန်ချင်ပါတော့သလေ ဆိုသလို။

အမြန်ပြန်ချင်ပါသည်ဆိုမှ ရန်ကုန်မြို့မှ
ထွက်ခွာလာပြီး မကြာခင်မှာပင် ကားက
ညှော်နံ့ရသဖြင့် ရပ်ပြီးစစ်ဆေးကြည့်သည်။
ထိုအခါ ကျွန်တော်တို့၏ကားသည် ဘီးကျွတ်လု
နီးပါး ဖြစ်နေသည်ကို တွေ့ရသည်။ ဘုရားမ
၍လား၊ ကံကောင်းလို့ မသေရ သေးလားမသိပေ။
ကားပြင်သည့်သူကို ကားကြုံဖြင့် သွားရောက်
ခေါ်ယူကာ ကားပြင်ရပါသည်။ ညလယ်သန်းခေါင်ကျော်မှ
ကားပြင်၍ပြီးစီးသည်။
အမြန်ရောက်ချင်လှပါသည်ဆိုသော မြို့ရွှေမန္တလေး
ကို မနက်ဆယ်နာရီကျော်မှ ရောက်ရှိခဲ့ပါတော့သည်။

@htwegyi
February 28, 2025



0
0
0.000
10 comments
avatar

ချောင်းသာမှာ လူပျိုကြီး ရိုခဲ့တာပေါ့။
!LOLZ
!MEME

0
0
0.000