United is Back

Super Sunday ရဲ့ အကောင်းဆုံး ပွဲစဉ်မှာတော့ ဧည့်သည် Man United က အိမ်ရှင် Liverpool ကို 1-2 ဆိုသည့် ရလဒ်ဖြင့် အနိုင်ကစားသွားခဲ့၏။ ပွဲက အတော်လေး ကြည့်ကောင်းခဲ့၏။ ကိုယ့်အသင်းမို့ အားပေးရပေမယ့် စိတ်ကမလုံမလဲ မယုံရဲနဲ့ရယ်။ မယုံဆို အသင်းခြေစွမ်းက အတက်အကျ ကြမ်းတယ်မလား။ နိုင်တလှည့် ရှုံးတလှည့်နဲ့ အံစာခေါက်နေခဲ့တာ ရာသီ စကတည်းက။ တပတ်နိုင် တပတ်ရှုံးက ပုံမှန်ကို ဖြစ်လို့။

ဒါကြောင့်လည်း ခုပွဲကို လန့်နေခဲ့တာပေါ့။ ရှေ့တပတ်က နိုင်ထားတော့ ဒီတပတ် ရှုံးမှာကို စိတ်ပူနေမိတာ။ Calendar အရဆို ပြန်ရှုံးမယ့် တပတ်ပေါ့။ ပြီး ကန်ရမှာက Liverpool နဲ့။ EPL နောက်ဆုံး နှစ်ပွဲဆက် ရှုံးထားတာ။ ဒီပွဲပါ ဆက်ရှုံးရင် သုံးပွဲဆက် ဖြစ်ပြီလေ။ အိမ်ကွင်းကြီးမှာတော့ သူတို့ အရှုံးခံမည် မဟုတ်ပေ။ ဒါကြောင့်ပဲ ကိုယ့်အသင်းကို စိတ်ပူနေရတာ။ ဟိုက အနိုင်ရဖို့ အမှတ်ရဖို့ လိုနေချိန် ကိုယ်တွေအသင်းက လိုအပ်ချက်တွေ များနေသေးတဲ့ အချိန်နဲ့ သွားတွေ့နေလို့။

တကယ် ကစားတော့လည်း Liverpool ကသာ ဖိအားပေး ကစားခဲ့၏။ ဒါပေမယ့် ပွဲစပြီး ၂ မိနစ် မပြည့်ခင်မှာ United တို့ ဦးဆောင်ဂိုး ရသွားခဲ့၏။ ဂိုးစောစော ပေးလိုက်ရတာကပဲ ပွဲကို အပြောင်းအလဲ ဖြစ်သွားစေခဲ့သည်ဟု ဆိုရပေလိမ့်မည်။ ဂိုးပေးလိုက်ရသဖြင့် Liverpool တို့ ပိုမို တိုက်စစ်ဆင် ဖိအားပေးကစား၏။ အပိုင်ဂိုးသွင်းခွင့်တွေ အများကြီး ရခဲ့ပေမယ့် အံ့အားသင့်ဖွယ် လွဲချော်လို့ နေခဲ့၏။ ကံတရားက Liverpool ဘက်မှာ မရှိနေခဲ့ပေ။

ဒုတိယပိုင်း ၇၈ မိနစ်မှာ Liverpool တို့ ချေပဂိုး ပြန်ရသွား၏။ Tempo က Liverpool ဘက် ပြန်ရွေ့သွား၏။ အခန့်မသင့်ရင် United တောင် ရှုံးသွားနိုင်၏။ Liverpool တို့ တဖန် ပြန်လည်လို့ စိတ်ဓါတ်တွေ တက်ကြွလာခဲ့၏။ ဒါပေမယ့် တက်ကြွနေတဲ့ စိတ်တွေကို ၈၄ မိနစ်မှာ Maguire က ရိုက်ချိုးလိုက်လေ၏။ Fernandes ၏ ပေးပို့မှုကနေ အနိုင်ဂိုးကို ခေါင်းတိုက်လို့ သွင်းယူသွားပေးခဲ့၏။

Liverpool အနေဖြင့် ပြိုင်ပွဲစုံ လေးပွဲဆက် အရှုံးနဲ့ တွေ့ဆုံခဲ့ရလေ၏။ United အဖို့ ပထမဆုံး EPL နှစ်ပွဲဆက်နိုင်ခဲ့လေခြင်း ဖြစ်၏။ ယခုနိုင်ပွဲကြောင့် United တို့ အဆင့် ၉ နေရာထိ တက်လှမ်းလို့ လာခဲ့ပြီးပဲ ဖြစ်ပါတယ်။

(photos from Premier League Page)



0
0
0.000
2 comments