ပန်းကမ္ဘာမှာ မောင့်ကို ထားခဲ့

မနေ့က ဘာများ အခန့် မသင့်သည် မသိ။ မနက် အိပ်ရာထ ကတည်းက ဗိုက် မကောင်းနေပေ။ မနေ့ ရှေ့တနေ့ကလည်း မတည့်၊ အဆက်မပြေတာ မစားမိပေ။ အကင်လေး နည်းနည်း၊ အာလူးကြော်၊ ကြက်ဥကြော်၊ ခေါက်ဆွဲပြုတ်၊ မလာဟင်း နည်းနည်း ဒါလေးပဲ စားခဲ့တာပါ။ ထိုအထဲမှာ ကျနော်နဲ့ မတည့်သည့်ဟာ မပါပေ။ မကြာခဏ စားနေကြ အစာတွေသာ ဖြစ်၏။ ဘာကြောင့်ရယ် မသိ မနက် အိပ်ရာ နိုးသည်နဲ့ ဗိုက်မကောင်းနေပေ။ အစာအိမ် နာပြီထင်။

အစား မမှန်၊ အအိပ် မမှန်ရင် ကျနော့် အစာအိမ်က ပြန်ပြန် နာလေ့ ရှိ၏။ အစာအိမ် ဆေးလေးတော့ ဆောင်ထားရ၏။ ဆယ်ကျော်သက် အရွယ်လောက်က အဆိုပါ အစာအိမ် စနာသည့် ဒဏ်ကို ခံရ၏။ ဆေးခန်းသွားပြတော့ ဆရာဝန်က သောက်ဆေးတွေ ပေးလိုက်ပြီး။ အအိပ်မှန် အစားမှန်စေရန် သတိပေး၏။ ဆရာ သတိပေးသည့် အတိုင်း လိုက်နာပေမယ့်လည်း လုပ်ငန်းခွင် ဝင်ရောက်ခဲ့ချိန်မှာတော့ အစား မမှန်၊ အအိပ်မမှန်တာမျိုးတွေ ရှိလာခဲ့တော့၏။ ထိုအခါမျိုးမှာ အစာအိမ် ပြန်နာလေ့ ရှိ၏။ ဆေး‌တရက် နှစ်ရက်လောက်သောက် အနေအထိုင် ပြန်ဆင်ခြင်လိုက်တော့ သက်သာသွား၏။

စာသင်သည့် အလုပ်ကို လုပ်ချိန်မှာတော့ ယခင်လောက် အစာအိမ် မနာတော့ပေ။ ဘာမှ မလုပ်တော့ဘဲ အိမ်မှာချည်း နေပြန်တော့လည်း အစာအိမ် နာတာ နည်းသွားခဲ့ပြန်၏။ ဒါတောင် တချို့ရက်တွေ ညနက် ဘောလုံးပွဲတွေ ကြည့်တာများပြီး အိပ်ရေး ပျက်ရင် အစာအိမ် ပြန်နာပြန်၏။ နာလိုက် ဆေးသောက်လိုက် အနေအထိုင် ပြန်ဆင်ခြင်လိုက်နဲ့ လုံးချာလိုက်လို့ နေတော့၏။

ဟော ခု တခါ နာပြန်ပြီ။ ရှေ့ ၃၊ ၄၊ ၅ ရက်လောက်တုန်းကတော့ နှစ်ရက်လောက် အိပ်ရေးပျက်ထားခဲ့ဖူး၏။ ဒါတောင် ခုတလော ဆွမ်းထ လောင်းလှူနေသဖြင့် အအိပ် အနေမှန်နေသည်ဟု ပြောလို့ရ၏။ အိပ်ပျက်သည့် ရက်တွေကလည်း Champion League နဲ့ Europa League ပွဲရှိတဲ့ ရက်တွေ ဖြစ်၏။ ပြန်တွက်ကြည့်ပြန်တော့ ထင်သလောက်လည်း အိပ်ရေး မပျက်ထားပေ။ စားတာကလည်း မတည့်သည့်ဟာ မပါပေ။ ဒီအတိုင်း မနာရတာကြာလို့ ပြန်နာတာဟုပဲ မှတ်ယူထားလိုက်တော့၏။

ခုတကြိမ်မှာက အစာအိမ်ချည်း သက်သက်ပဲ မနာ၊ (ကနိတော့) ဝမ်းပါ သွား၏။ အစာအိမ် ဆေးလည်း သောက်၊ ဖြေဆေးလည်းသောက်၊ ဓါတ်ဆားရည်လည်း သောက်နဲ့ ဆေးဝါးတွေနဲ့ နပန်းလုံးရပြန်လေ၏။ အစာအိမ်လေးရေ ကောင်းပါတော့နော်။



0
0
0.000
4 comments
avatar

ကျန်းမာခြင်းသည် ချမ်းသာခြင်းပင်။
!LOLZ
!MEME

0
0
0.000