မိုး နှင့် လေ

တိုင်ဖုန်း မုန်တိုင်း Kajiki ၏ အဖျားခတ်မှုကြောင့် မနေ့က မိုး‌ကြီး လေကြီး ရွာလေ၏။ ကိုယ်တွေဆီမှာက အဖျားလောက်ပဲ ခတ်တာ။ တကယ်ခံရတဲ့ တရုတ်နဲ့ ဗီယက်နမ်မှာက အတော်လေး ထိခိုက်ပျက်စီး သေကြေမှုတွေ ရှိတယ်။ ဒါတောင် ကုန်းတွင်းဝင်ရောက်ပြီး အားပျော့ပျက်ပြယ်တဲ့ မုန်တိုင်းမို့၊ အားပျော့တယ်သာ ပြောတယ် နိုင်ငံတော်တော်များများကို ဒုက္ခပေးသွားခဲ့၏။

ကနဦး ခန့်မှန်းချက်တွေထက် ပိုမို အားပျော့သွားလို့ တော်သေးသည် ဆိုရမည်။ ထိုသို့ မဟုတ်ရင် မိုးရေချိန်က ယခုထက် ပိုနိုင်၏။ မုတ်သုန်ကြောင့် မိုးကောင်းရင်တောင် ရေကြီး ရေလျှံနေပါတယ်ဆိုမှ မုန်တိုင်းကြောင့်သာဆိုရင် ပိုဆိုးမည်။ လက်ရှိ မုန်တိုင်းက ကိုယ်တွေ ပင်လယ်ပြင်မှာ ဖြစ်ပေါ်ပြီး တိုက်ရိုက်လာတာ မဟုတ်လို့ ခံသာနေသေး၏။

ခုနောက်ပိုင်းက မြေပြန့်ဒေသတွေတင် မဟုတ် တောင်ပေါ်ဒေသတွေပါ ရေကြီး ရေလျှံ မြေပြိုမှုတွေ ဖြစ်ပေါ်လို့ လာနေခဲ့၏။ ပြန်စဉ်းစားကြည့်တော့ ကိုယ်တွေ အသက်အပိုင်းအခြားမှာ အာဏာသိမ်းတာလည်း ကြုံရ၊ ငလျင်ဘေးကြီးလည်း ကြုံရ၊ ရေကြီး ရေလျှံမှုတွေလည်း ကြုံရနဲ့ ဘေးဒဏ်အပေါင်း ကြုံဆုံရ၏။ ဒုက္ခစုံ ကြုံဖူးပြီဟုပဲ ကြွားစရာမဟုတ်ဘဲ ဂုဏ်ယူရမည့်နှယ်။ ဒါမျိုးကြီးတော့ ဂုဏ်မယူချင်။

တောင်ပေါ်ဒေသ ကလော၊ အောင်ပန်းတို့မှာ ရေကြီး၊ မြေပြိုမှုတွေ ဒီဘက်နှစ်တွေမှာ ပိုပြီး တွေ့ကြုံခံစားကြရ၏။ ဒီထဲမှာ အဆိုးဆုံးက ‌အင်းလေးဒေသ ဖြစ်၏။ မနှစ်က အင်းလေးမှာ ရေကြီး၏။ ဟ အင်းထဲပါဆို ရေများမှာပေါ့ဟု ပြောချင်ရာ။ မိုးတွင်းဆို ရေများလေ့ ရှိတာ မှန်ပေမယ့် မနှစ်က မိုးများတာကတော့ သိသိသာသာပင်။ ဒီနှစ် အပိုင်းအခြားအတွင်း အင်းရေပြင် စံချိန်တင် မြှင့်တက်သည်ဟု ပြောရမလောက်ပင်။ လူနေအိမ်တွေ၊ စိုက်ခင်းတွေ အတော်လေး ပျက်စီးသွား၏။

ပြန်လည်ထူထောင်ရေးတွေ လုပ်ပြီးစပဲ ရှိသေးတယ်။ ငလျင် ထပ်လှုပ်၏။ တောင်ပေါ်ဒေသမှာ စစ်ကိုင်းငလျင်၏ သက်ရောက်မှုကို အင်းလေးက အများဆုံးခံလိုက်ရ၏။ အိမ်ခြေတွေ အများအပြား ပျက်စီး၏။ လူသေမှုတွေ ရှိ၏။ ရေကြီးမှုဒဏ် ခံစားရပြီး နလံပြန်ထစကို နောက်တ‌ကြိမ် ထိုးနှိုက်လိုက်သည့် အလားပင်။ ခုလည်း Kajiki မုန်တိုင်း အရှိန်ကြောင့် မိုးများဦးမယ် ဆို၏။

ခန့်မှန်းထားသည်ထက် ပိုမိုအားပျော့သွားလို့သာ တော်သေးသည် ဆိုရမည်။ ဒီကာလကြီးမှာ ပြန်လည်ထူထောင်ရေးက တကယ်မလွယ်သည့် ကိစ္စ ဖြစ်၏။ ပြည်သူ အချင်းချင်းကပဲ ပြန်ကူနေကြရသည် မဟုတ်လား။ ဒါတောင် မနေ့က လေပြင်းတိုက်လို့ အင်းထဲရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးမှု ရှိသည် ဆို၏။ ပြည်သူ အပေါင်း ဘေးရန်အပေါင်းကနေ ကင်းဝေးပါစေလို့ပဲ ဆုတောင်းနေမိပါတော့၏။

(Photos from Inle Youth Volunteer Network)



0
0
0.000
5 comments
avatar
(Edited)

ကံဆိုးမ သွားရာ မိုးရွာတဲ့အပြင် လေးပါလိုက်တိုက်
နေထာ။
!LOLZ
!MEME

0
0
0.000