ပြောပြန်ရင်လည်း အောင်မင်း လွန်ရာကျမယ်

avatar
(Edited)

မန္တလေးမြို့ကို အနုပညာမြို့တော်ဟုလည်း
ခေါ်သည်။ အဘယ်ကြောင့်ဆိုသော် မန္တလေးမှာ
ဟိုရှေးယခင်က ပန်တျာကျောင်းရှိခဲ့သည်။
ထိုကျောင်းက နန်းရှေ့မှာရှိသည်။ ယခု
အနုပညာကဇာတ်ရုံ အနီးမှာ ပန်တျာကျောင်း
ရှိသေးသည်။ ထိုကျောင်း၌ မူလတန်းကလေးအရွယ်မှ
စတင်၍ ရှစ်တန်းအရွယ်အထိ ကျောင်းစာနှင့်
သဘင်အနုပညာများကို သင်ကြားပေးသည်။
ထိုကျောင်းမှာပင် ကျောင်းအိပ် ကျောင်းစား
ပညာသင်ကြားပေးခြင်းဖြစ်သည်။

ထိုပန်တျာကျောင်း အကြောင်း သိရခြင်းမှာ
ထိုကျောင်းရှိ ရုံးအုပ်ကြီးက ကျွန်တော့်နဲ့
သူငယ်ချင်းဖြစ်ခဲ့သည်။ မန်းတက္ကသိုလ်ညနေ
သင်တန်းကျောင်းမှာ သင်တန်းအတူတူတက်ရင်း
ခင်မင်ခဲ့သည်။ မန်းပန်တျာကျောင်းကို နယ်မှ
ကလေးများက အများဆုံးတက်ကြသည်။
မြို့ခံကလေးများက ကျောင်းတက်သူနည်းသည်ဟု
သိရသည်။ ယခုတော့ ထိုကျောင်းရှိသေးလား၊
သင်သေးလားမသိပေ။

ဘာရယ်မဟုတ်ပါဘူး ယခုတလော တစ်တော့မှာ
မင်းသားများအကြောင်း အပြောများနေ၍ဖြစ်ပေသည်။
မန္တလေးဆိုသည်ကလည်း အနုပညာမြို့တော်ဖြစ်သည့်အပြင်
အနုပညာရှင်များစွာလည်း ထွက်ပေါ်ရာဒေသ
ဖြစ်သည်။ ဇာတ်ပွဲများ၏ အဓိက စုရပ်မြို့ကြီးလည်း
ဖြစ်သည်။ မြန်မာလူမျိုးတို့သည်ကလည်း
ပျော်ပွဲရွှင်ပွဲဆိုပါမူ အသက်ပင် အသေခံကာ
ပျော်ပါးတတ်သူကများလှ‌သည်။

ပွဲဟု က ရန် ခုနှစ်သံချီဆွဲ
သွားလိုက်ကြတာ လူတွေ မနည်း
လာ လေ စော‌ စောသွားမှ တို့ နေရာ ရမယ်။
ကိုလွှမ်းမိုး၏ သီချင်းသံကိုပင် ကြားယောင်မိသည်။
ဇာတ်ပွဲ၊ အငြိမ့်ပွဲများနှင့် မန္တလေးမြို့သူ/သားများ
ခွဲခြားမရပေ။ ကျွန်တော်တို့ငယ်စဉ်က ဇာတ်ပွဲ၊
အငြိမ့်ပွဲများပေါများလှသည်။ ဗီဒီယို၊ ဖုန်းများ
မပေါ်ခင်ကာလများဆီက ထိုအရာများက လူတို့
အတွက် အပန်းဖြေရာဖြစ်ခဲ့သည်။


Credit Image.

ယခုအချိန်မှာ ထိုအရာများပြန်လည် ခေတ်ထ
လာသည်မှာ သိပ်တော့အဆင်မပြေသေးပါ။
သူ့အချိန် သူ့အခါမဟုတ်သေးဟုထင်မိသည်။
ပွဲဆိုသည်က ကိုလွှမ်းမိုး၏ သီချင်းစားသားလိုပင်
ဆိုင်းသံကြားပါက ရိုးတိုးရွတဖြစ်ကြသူက
အများသားပင်။ အသက်ကိုးဆယ်ကျော်
ကျွန်တော့်အမေသည်ပင် သူမတို့ငယ်စဉ်က
ဇာတ်မင်းသား စိန်အောင်မင်းကို ကြည့်ဖို့
အကြောင်း ပြောပြဖူးသည်။ ပြောပြန်ရင်လည်း
အောင်မင်း လွန်ရာကျမယ်။ အမေက ထိုစကားလုံး
လေးကို နှုတ်မှ ရွတ်ကာ စိန်အောင်မင်းပွဲ
ကြည့်ဖို့ရန် တညလုံး ဗိုင်းငင်ခဲ့ရသည်။ ဝါဂွမ်း
များကို ဗိုင်းတောင့်ပြုလုပ်ရသည်။

ထိုသို့ပြုလုပ်ရာ တပိဿာရမှ ငွေတကျပ်ရသည်။
ထိုငွေဖြင့် မုံရွာမြို့ပါ်ရှိ စိန်အောင်မင်း ဇာတ်ပွဲကို
ကြည့်ခဲ့သည်ဟု အမေက သူမ ငယ်ဘဝအကြောင်း
ပြောပြသည်။ ဟိုခေတ်က ဇာတ်ပွဲကြည့်ဖို့ ငွေတကျပ်။
ယခုအခါ တပို့တွဲလ မဟာမြတ်မုနိဘုရားကြီးပွဲ
အတွက် ဇာတ်ပွဲလက်မှတ်ခနှင့် ပွဲကြည့်စင်ခများက
အောချရလောက် ကြားသိရပေတော့သည်။

@htwegyi
January 20, 2026



0
0
0.000
0 comments