ပန်းရနံ့များနဲ့ ကျွန်တော်။

avatar

ခင်လေးဆတ်ဆတ်တုန်ပန်းများက အိမ်ရှေ့
ခြံစည်းရိုးပေါ်မှာ ပွင့်နေသည်။ ထိုပန်းကို
ကျွန်တော့်တူမက ကြိုက်နှစ်သက်သဖြင့်
ပျိုးဆိုင်မှ ဝယ်ယူ၍စိုက်ပျိုးသည်။ ထိုပန်း
ကို မိတ်ဆွေ၏အိမ်မှာ တွေ့ရှိပြီး တူမကို ပြောပြမိသည်။
တူမကလည်း လူမှုကွန်ယက်မှာ တွေ့၍
သဘောကျကာ ဝယ်ယူစိုက်ပျိုးသည်။

ခင်လေးဆတ်ဆတ်တုန်ပန်းက အပြာရောင်
ဖြစ်သည်။ တဖြည်းဖြည်းဖြင့် အစိမ်းရောင်ပြောင်းကာ
အဖြူရောင်ဖြစ်လာပါက မြေသို့ကြွေကျသွား
သည်။ ထိုပန်းပင်အောက်၌ အပြာရောင်၊
အစိမ်းရောင်၊ အဖြူရောင်ပန်းရောင်းစုံ အကြွေ
များကို မြင်တွေ့ရသည်။ တူမဖြစ်သူက ထိုပန်းကို
မည်သို့ သဘောကျသည် မသိပါ။

ကျွန်တော်က ပန်းဆိုပါမူ ရနံ့ရှိသော ပန်းကို
ပိုသဘောကျသည်။ အထူးသဖြင့် စပယ်ပန်းကို
ပို၍သဘောကျသည်။ စပယ်က အဖြူရောင်
ရှိပြီး သူ့ရနံ့ကို လူတိုင်းနီးပါးနှစ်သက်ကြပေသည်။
ရနံ့ရှိသော ပန်းများအနက် ကျွန်တော့်ပတ်ဝန်းကျင်
မှာ တွေ့ရသည့်ပန်းများက။ သနပ်ခါးပန်း၊
ညမွှေးပန်း၊ တရုတ်စကားပန်း၊ ယုဇနပန်းနှင့်
နှင်းဆီပန်းများဖြစ်သည်။

သနပ်ခါးပန်းရနံ့ကလည်း နှစ်သက်ဖွယ်ကောင်းသည်။
သူ့ရနံ့က သူ့အနီးမှာ ရချင်မှ ရတတ်သော်
လည်း သူနဲ့ဝေးရာ လေသင့်ရာ အရပ်မှာ
သူ့ရနံ့ကို ခပ်သင်းသင်းရနေတတ်သည်။
ညမွှေးပန်းသည်လည်း ထိုနည်းတူစွာပင်
ညအချိန်များမှာ လေသယ် ဆောင်ရာ အရပ်သို့
သူ့ရနံ့က မွှေးပျံ့စေသည်။ ညတိတ်ဆိတ်ချိန်မှာ
ညမွှေးပန်းရနံ့က သင်းသင်းလေးရရှိနေပါမူ။
ညမွှေးပန်းရနံ့ဟု သတိမထားမိ၊ အပင်ရှိသည်ကို
လည်း သတိမထားမိပါက စိတ်ခြောက်ခြား
မှုဖြစ်ခဲ့ဖူးသည်။

ည၏ မှောင်မိုက်ခြင်း၊ မွှေးရနံ့ရရှိခြင်းက
စိတ်အားငယ်သူအတွက် စိတ်ခြောက်ခြားအောင်
ဖြစ်စေသည်။ ငယ်စဉ်က ထိုသို့သော အဖြစ်
အပျက်ဖြစ်ခဲ့သည်။ ကလေးတို့ဘာဝ ညအချိန်
ဆော့ကစားနေစဉ် မွှေးသောရနံ့ရသည်။
ဘာမွှေးရနံ့ဟုလည်းမသိ။ ကလေးအချင်းချင်း
ဥစ္စာစောင့်တွေက အနံ့ပေးပြီး ငါတို့ကို ခေါ်နေတာလား
မသိ ဟုပြောဆိုကာ။ ဖနောင့်နှင့် တင်ပါး
သသားတည်းကျအောင် ပြေးခဲ့ကြသည်။

တရုတ်စကားပန်းသည်က ယခုအသက်အရွယ်
ရမှသာ သေချာစွာ ရနံ့ရှုကြည့်မိသည်။
သူ့ရဲ့ ရနံ့က နှလုံးအားကောင်းစေသည်ဟု
ပြောကြသည်။ ဟုတ် မဟုတ်တော့ မသိပေ။
အိမ်မှာ တရုတ်စကားပန်းစိုက်ထားပါက
သူ့ရနံ့က ကျန်းမာရေးအတွက် အထောက်အကူ
ဖြစ်သည်ဟု ပြောသဖြင့် စိုက်ပျိုးထားသည်။
မည်သို့ဆိုစေ ပန်းရနံ့များရှုရှိုက်ရပါမူ
စိတ်အေးချမ်းသာယာမိစေသည်။ စိတ်နှလုံး
ကြည်လင်စေသည်။

@htwegyi
February 24, 2025



0
0
0.000
6 comments