ငါတို့အားလုံး တနေ့မှာ.......။

avatar

တနေ့ တနေ့ စားလိုက် အိပ်လိုက်နဲ့
အချိန်များကုန်ခဲ့သည်။ ကုန်ခဲ့သော
အချိန်များတွင် ဘာမှ မရရှိခဲ့။ လူဆိုသည်က
တနေ့ကို ပညာ၊ ဥစ္စာနှင့် ကုသိုလ် တခုခု
ရယူကြရမည်ဖြစ်သည်။ နောက်ဆုံး
ဘာမှ မရလျှင်ပင် စာအုပ်တော့ဖတ်နေရမည်။

သုံးနှစ်ကျော်ဆိုသည် အချိန်ကာလက
လျှင်မြန်စွာ ကုန်သွားသည်။ ကိုယ်တွေ
အတွက်တော့ လျှင်မြန်စွာကုန်သွားသည်ဟု
ပြောပေသိ။ အချို့သော သူတို့အတွက်
ခက်ခဲပင်ပန်း ကြမ်းတမ်းသော အချိန်ကာလများ
ဖြစ်ပေမည်။ ရှေ့ဆက်ရမည့် အချိန်များ
သည်လည်း မည်သို့ မည်ပုံဖြစ်လာမည်ကို
မည်သူမျှ မပြောနိုင်ပေ။

သုံးနှစ်ကျော်အတွင်း ဘဝတွေများစွာ
ပြောင်းလဲသွားကြသည်။ အကောင်းပြောင်းလဲမှု
နှင့်အဆိုး ပြောင်းလဲများဖြစ်‌ပေါ်ခဲ့ပါမူ။
အဆိုးပြောင်းလဲမှုများက အကောင်းထက်
ပိုမိုများပြားပေလိမ့်မည်။ အားလုံးပြောင်းလဲမှုကတော့
လူတိုင်း၏ အသက်အရွယ်များက
ကိန်းဂဏန်းသုံးခု တိုးလာကြပေသည်။

ထိုသုံးနှစ်အတွင်း မိမိ၏မိတ်ဆွေ အပေါင်းအသင်း
များအနက် လူ့လောကကို စွန့်ခွါသွားကြသူများ
ရှိသည်။ သုံးနှစ်အတွင်းမှာ မယုံနိုင်လောက်အောင်
အပြောင်းလဲများကို တွေ့ရသည်။ ပြောင်းလဲမှုများ
ဆို၍ ကောင်းသော ပြောင်းလဲမှုများတော့
မဟုတ်ပေ။ အင်မတန်ကို ဆိုးရွားသော
ပြောင်းလဲမှုများဖြစ်ပေသည်။ ဆိုးရွားလွန်၍
စာဖွဲ့၍ပင် မပြချင်လောက်ပေ။

ခါးသီးလွန်တဲ့ သုံးနှစ်ကျော်ကာလမှာ လူ့ပြည်
မှ ငရဲခန်းများအလားဟု တင်စားရပေမည်။
လူချမ်းသာများအတွက် ပြဿနာမရှိပေသိ။
လူလတ်တန်းစားနှင့် အောက်ခြေလူတန်းစားများ
အတွက် ကျောကော့အောင် ခံကြရသည်။
မြန်မာလူမျိုးက အမှတ်မရှိသည့် လူမျိုးဖြစ်
သည်။

ဤကဲ့သို့ ဆိုးရွားလှသော အချိန်ကာလမှာပင်
အချို့က အမှတ်သည်းခြေမကြီးကြပေ။
ဖြစ်ချင်ရာဖြစ် မောင်ဘချစ်၊ မဘချစ်များ
ရှိကြသည်။ ဒါကိုကပင် မြန်မာလူမျိုး အများစု၏
စရိုက်ဟုပြောရပေမည်။ ဘယ်သူသေသေ
ငတေမာ ပြီသော လူမျိုးစုကလည်း ရှိသည်။
လူ့ဘဝ ရသခိုက် ပျော်လိုက်မည်ကလည်း
ရှိသေး။

လူအမျိုးမျိုး၊ ဘဝအထွေထွေ၊ စရိုက်အမျိုးမျိုး
ရှိကြစေကာမူ အရေးကြီးတော့ သွေးစည်း
ကြသည်က ချစ်စရာတော့ကောင်းပေသည်။
တနေ့နေ့တော့ ရောက်ရှိလာမည့် ရောင်နီကို
စောင့်ရင်း ကျွန်တော်တို့ အသက်ရှင်ဖို့
ကြိုးစာနေကြရပေအုံးမည်။ သို့ပေသိ
လူသားအားလုံး၏ တူညီမှုကြီးကတော့
ငါတို့အားလုံး အိုရမည်၊ နာရမည်နှင့် သေကြ
ရပေအုံးမည်။

@htwegyi
September 19, 2024



0
0
0.000
1 comments