လက်ပံ ပွင့်ချိန်

အညာနွေက ပူဖို့ တာစူနေသည်။ တပေါင်းလဆန်း
သည်နှင့် နွေက သူ့ကို အမှတ်ရဖြစ်စေဖို့ လက်တို့
လာသည်။ အညာနွေနဲ့ အညာဖုန်လုံးတွေက
မိတ်ဖက်ဖြစ်သည်။ အညာနွေနဲ့တဖန် လက်ပံပွင့်တွေက
အမှတ်တရဖြစ်စေပြန်သည်။ နွေမိန်တပေါင်း
ကြွေချိန်ပြောင်း ရွက်ဟောင်းကြွေကျ မြေခရပြီကွယ်။
တနေ့က ရွှေစာရံဘုရားသွားရင်း လက်ပံပင်ကြီး
နှစ်ပင်ကိုတွေ့ခဲ့ရသည်။

ထိုလက်ပံပင် နှစ်ပင်လုံးမှာပင် ဓာတ်ပုံရိုက်သူများစွာ
တွေ့ရသည်။ ရိုက်ဆို ထိုလက်ပံပင်ကြီးများလည်း
ဓာတ်ပုံရိုက်ချင်စရာ အင်မတန်ကြည့်လို့ လှလို့
ကောင်းတာကို။ မိန်မပျို၊ မိန်မငယ်၊ ယောင်္ကျားလေး
များ စသဖြင့် အရွယ်စုံ ဓာတ်ပုံရိုက်နေကြလေသည်။
ထိုသို့ ရိုက်ပြီးသကာလ အသီးသီးတို့သည်
ဆိုရှယ်မီဒီယာများပေါ်သို့ အပြိုင်အဆိုင် တင်ကြ
ပေသည်။

အများအားဖြင့် တစ်တော့တွင် အပြိုင်အဆိုင်
တင်ကြသည်။ ယခင်က Facebook တွင်သာ
ဓာတ်ပုံများရိုက်ပြီး ခရီးသွား အမှတ်ရဘာညာ
တင်ကြသည်။ ယခုတော့ အဆင့်မြင့်လာကြသည်။
ဓာတ်ပုံပင်မက ဗီဒီယိုများရိုက်ပြီး သီချင်းဖြင့်
တင်ပြလာကြသည်။ ခေတ်က အပြောင်းအလဲ
မြန်ချက်။ မြန်တာမှ အေအိုင်ဆိုသည့်အရာနှင့်
ထပ်ဆင့် အားပေးသမှု ပြုသည့်အခါ ဘာပြော
ကောင်းမလဲ ဆိုသလို။

ထိုသို့ တစ်တော့မှာ အပြိုင်အဆိုင် ဗီဒီယိုနှင့်
သီချင်းများတင်ကြသည့်အခါ အလွယ်တကူ
တင်လို့ ပြုလိုကလည်း ရပေသည်။ ရယ်ဒီမိတ်
သီချင်းနဲ့ ကိုယ်ရဲ့ပုံ၊ ဗီဒီယိုများကို အလွယ်တကူ
တင်ကာ အပြိုင်အဆိုင် ဒွန့်ကြပါလေသည်။
ယနေ့ တစ်တော့မှာ ရွှေစာရံမှ လက်ပံပင်ကြီး
များကိုတွေ့ရသည်။ ထိုလက်ပံပင်ကြီးကို နောက်ခံ
ပြု၍ လက်ပံပွင့်သီချင်းများဖြင့် အပြိုင်အဆိုင်
တင်ပြထားကြသည်။

ထိုသို့ တစ်တော့မှာ မြင်ရသောအခါ ကျွန်တော်၏
တူမကလည်း သူရိုက်ခဲ့သော လက်ပံပင်ကြီးကို
သူများတွေလို တစ်တော့မှာ ရိုက်ပြချင်သည်။
ကိုယ်တင်ချင်သော သီချင်းတွေကလည်း သူများ
တွေက တင်ထားတော့ လက်ပံပွင့်ပါတဲ့
ဘာသီချင်းတင်ရမလဲဟု ကျွန်တော့်အမ သူ့အမေကို မေးသည်။
သူရို့ သားအမိပြောနေသည်ကို
တစွန်းတစ ကြားသော ကျွန်တော့်အမေက

"ဟဲ့ လက်ပံပွင့်ချိန် ခွေးရူးချိန်ဆိုလား။ အဲ့သဟာ
ကြားဖူးတယ်"

"အား အဖွားကလည်း သီချင်းမေးတာပါဆို
ဘာလို့ ခွေးရူးချိန်လို့ ပြောနေတာလဲ"

အမေတို့ မြေးအဖွား ပြောစကားများကြောင့် ကျွန်တော်
တို့မှာ တဝါးဝါးပွဲကျကာ ရီမောမိကြပါလေတော့သည်။

@htwegyi
February 20, 2026



0
0
0.000
2 comments
avatar

အပင်ကြီးက တကယ်လှတာဗျို့

0
0
0.000
avatar

ဟုတ်တယ်ဗျို့ ရုပ်ရှင်တွေမှာ ရိုက်ထားတယ်ဆိုလား။

0
0
0.000