ကလေးများနှင့် ကျွန်တော်။

မနေ့က မိတ်ဆွေ၏ အိမ်သို့အလည်သွားသည်။
မိတ်ဆွေ၏ အိမ်က ငလျင်ဒဏ် အတော်ခံလိုက်ရ
သည်။ အိမ်မပြိုကျသည်က ကံကောင်းသည်ဟု
ပြောရမည်။ အဆိုးထဲက အကောင်းဟု မှတ်ရပေမည်။
အိမ်အတွင်းနံရံနှင့် အပြင်နံရံများ အက်ကွဲ
သည်။ နံရံများက ပြိုမကျ၍ တော်ပေသေးသည်။
လှေခါးကတော့ အတော်အက်ကွဲ၍ ပြန်ပြုပြင်
ရအုံးမည်။

မိတ်ဆွေအိမ်သို့ နေပြည်တော်မှ သူ့အမများလည်း
ရောက်ရှိနေသည်။ သူ့အမ၏ မြေးများနှင့်
အိမ်ရှိမြေးများပေါင်း၍ ကလေးများက
အဖော်များ၍ အော်ဟစ်ပြေးလွှား‌ဆော့ကစား
နေကြသည်။ မိတ်ဆွေအိမ်က ပြုပြင်သူများကိုခေါ်၍
ပြုပြင်နေသည်။ အက်ကွဲသွားသော နံရံများကို
ဖြိုချ၍ အသစ်ပြန်လည် ပြုပြင်ရမည်။

အက်ကွဲသောနံရံများက စုစုပေါင်းငါးခုခန့်
ဖြစ်ပေမည်။ ခုနှစ်ပေ၊ ရှစ်ပေပတ်လည်နံရံများဖြစ်ပေမည်။ အင်ဂျင်နီယာခက သိန်းသုံးဆယ်ပေးရသည်။ စုစုပေါင်း
သိန်းတရာခန့် ကုန်ကျမည်ဟု ပြောသည်။ မိတ်ဆွေ၏
မိသားစုက တရောက်
တပေါက်ဖြင့် အိမ်ပြုပြင်ခက ဈေးများသည်
နည်းသည်ဟု ပြောဆိုနေကြသည်။

ကျွန်တော်က ပြောပြရသည်။ ယခုအချိန်မှာ
ပြုပြင်ပေးသူရှိတာ၊ ဘိလပ်မြေ အစရှိသဖြင့်
ဝယ်ယူလို့ရသေးတာပင် ကျေးဇူးတင်ရမည်ဟု
ပြောပြရပါသည်။ ဘိလပ်မြေ သရဖူတစ်အိတ်ကို
သုံးသောင်းနှစ်ထောင်ဟုသိရသည်။ အခြား
ဘိလပ်မြေအိတ်များက လေးသောင်းအထက်မှာ
ရှိသည်။ အခြားဘိလပ်မြေများကလည်း ဝယ်ယူလို့
မရဟု သိရသည်။

မိတ်ဆွေ၏ အိမ်က ပြုပြင်ပြီးမှ နေထိုင်၍
အဆင်ပြေသည်။ မပြုပြင်ပဲ နေပါမူ အန္တရာယ်
ရှိသည်။ ယခုအခါ ငလျင် အသေးစားလေးများကလည်း
မကြာခဏလှုပ်နေသည်။ အိမ်ပြုပြင်နေစဉ်
ကလေးများက ပြေးလွှားဆော့ကစားနေကြသည်။
ထိုကြောင့် ထိုကလေးတသိုက်ကို ခေါ်၍
ရပ်ကွက်အတွင်းရှိ နေ့ကလေးထိမ်းမူကြိုကျောင်းသို့
ခေါ်လာခဲ့သည်။

ထိုမူကြိုကျောင်းက ငလျင်ကြောင့် ပိတ်ထားသည်။
မူကြိုကျောင်းအတွင်း၌ ကလေးများဆော့ရန်
ဒါန်း၊ ကလေးလျောစီးလေးများနှင့် အခြားဆော့
ကစားစရာလေးများရှိသည်။ ကျွန်တော်က ကလေး
တသိုက်နှင့် ထိုကျောင်းသို့ ဆော့ရန်သွားသည်။
မူကြိုအစောင့် အမျိုးသမီးကို တွေ့၍ ဆော့ရသလားဟု
မေးကြည့်ရာ မရပါဟုပြောသည်။ မူကြို
အတွင်း၌မူ ကလေး သုံးဦးဆော့နေသည်ကို
တွေ့ရသည်။

ထိုအမျိုးသမီး၏ ဆော့မရဟု ပြောစကားကြောင့်
ကျွန်တောက ကလေးများကို ခေါ်၍ ပြန်လှည့်လာ
ခဲ့သည်။ ကျွန်တော်၏ ကလေးများထဲမှ သုံးတန်အရွယ်
ကလေးတဦးက ကျွန်တော်ကို ပြန်ပြော
ပါလေသည်။

" ဆော့ရသလားလို သွားမေးတာကိုး။
ကလေးလေးက ခဏလေး ကစားချင်လို့ပါ
လို့ ပြောပြီး ဝင်ဆော့ရင် ရမှာ"

ထိုကလေး၏ ပြောစကားကြောင့် ကျွန်တော်မှာ
ပြောစရာ စကားရှာမရပဲ အံ့ဩမှုဖြစ်ရလေသည်။
ကျွန်တော်ခေါ်လာသော ကလေးများက အရွယ်စုံ
ဆိုက်စုံ လေးဦးဖြစ်သည်။ ငါးတန်း၊ လေးတန်း၊
သုံးတန်နှင့် မူကြိုအရွယ် ကလေးတဦးပါသည်။
မိတ်ဆွေ၏ အိမ်သို့ရောက်သောအခါ ထိုအကြောင်း
အရာကို ပြန်ပြောပြ၍ တဝါးဝါးရီကာ ပွဲကျနေ
ကြလေသည်။ ကျွန်တော်ကိုလည်း ကလေး
လောက်မှ စကားကို မပြောတတ်တာဟု ပြောကာ
ရီကြပြန်သည်။ မှန်ပါသည် ကျွန်တော်ကလည်း
ထိုကလေးလောက်မှ စကားမပြောတတ်သူ
တဦးဖြစ်ပေသည်။

@htwegyi
April 11, 2025



0
0
0.000
3 comments
avatar

သက်ငယ်စကား သက်ကြီးကြားရပြီပေါ့
!LOLZ
!HUG

0
0
0.000