ဂျီးများလို့ ရသရွေ့

ဖေဖော်ဝါရီဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ။
မနေ့က မနက်ပိုင်း မနက်စာအတွက် ‌အကြော်ဝယ်
သည်။ အကြော်ဆိုင်မှ အမျိုးသမီးတဦးက
ဖော်ပြပါ ဗိုလ်ချုပ်၏ ကဗျာစာသားကို ရွတ်ဆို
သည်။ သူမအနီးမှာ ကလေးငယ်တဦးရှိသည်။
ထိုကလေးငယ်ကို ဆိုပြနေခြင်းဖြစ်သည်။
ထိုအမျိုးသမီး ဆိုပြမှ ကိုယ်တွေလည်း သတိထား
မိသည်။

သတိထားမိတာက သူများပြောလို့၊ အများထံမှ
ပြောသံကြား၍ဖြစ်သည်။ တမြန်မနေ့က
ဖေဖော်ဝါရီဆယ့်နှစ်ရက် ပြည်ထောင်စုနေ့
ကိုလည်း မေ့နေသည်။ ရုံးပိတ်ရက် ခြောက်ရက်။
ဘေးက မူကြိုကျောင်းမှ ကလေးများ၏ အသံ
မကြား၍ ဘာလို့လဲဟု သတိထားမိသည်။
မူကြိုကျောင်းလည်း ခြောက်ရက်ပိတ်သည်။
ဗိုလ်ချုပ်မွေးနေ့မှာ တူမက ပဲနံပြားစားမည်ဟု
ဆိုကာ ဈေးသို့ သူရို့မိသားစုက သပ်သပ်
သွားသည်။ ကျွန်တော်က အမေ စောစော
စားရန်အတွက် အကြော်ဆိုင်ကို စက်ဘီး
ဖြင့်သွားခဲ့သည်။

အိုးဝေသုံးဘီးဖြင့် ဈေးသွားကြသည့် အမတို့
သားအမိက ဈေးဝယ်ခြင်းနှင့် နံပြားဝယ်သည်ကို
ပြန်ပြောပြသည်။ နံပြားရောင်းသော လက်ဘက်ရည်ဆိုင်က
ဈေးအရှေ့နဲ့ အနောက်မှာ နှစ်ဆိုင်ရှိသည်။
ဈေးအနောက်ဆိုင်က ‌ဈေးနှင့်နီးသည်။ ထိုဆိုင်မှာ
နံပြားက ကုန်သွားသည်။ နံပြားဝယ်ဖို့ ပြုလုပ်နေစဉ်
အိုးဝေကို အငှားခေါ်သဖြင့် အငှားလိုက်သွားသည်။
အိမ်ပြန်ဖို့ အိုးဝေကိုစောင့်ရန် အနည်းငယ်ကြာအုံး
မည်။ ထိုကြောင့် ဈေးအရှေ့ဘက်ရှိ နံပြားရောင်းသော
လက်ဘက်ရည်ဆိုင်သို့ ခြေလျှင် သွားဝယ်ကြသည်။

ထိုဈေးအရှေ့လက်ဘက်ရည်ဆိုင်မှာ နံပြားရသည်။
နံပြားငါးချပ်ဝယ်ပြီး ပဲတစ်ထောင်ဘိုးဝယ်ခဲ့သည်။
အိုး‌ဝေ အငှားမှ ပြန်လာ၍ အိမ်ပြန်ခဲ့ကြသည်။
အိမ်သို့ရောက်သောအခါ ပဲနံပြားစားရန် စီစဉ်သည်။
အမက စားတော်ပဲတစ်ထောင်ဘိုးကို တဝက်ခွဲ၍
ဆီချက်ဝါလေးများဆမ်းသည်။ ဆားလေးထည့်ကာ
နယ်ပြီးစားမည်ပြုလုပ်သည်။ ထိုစဉ် တူမက

"ဟာ အမေကလည်း ဘာလို ဆီချက်တွေထည့်တာလဲ။
သမီးက ဒီအတိုင်း နံပြားနဲ့စားမလို့ဟာ"

"ဟယ် မသိပါဘူးအေ ပဲကို ဒီလိုလေး ဆီ၊ ဆားနဲ့
နယ်ပြီး နံပြားနဲ့ စားတာက အရသာရှိတာမို့
လုပ်လိုက်တာပါ"

"အမေကလည်း လုပ်မယ်ဆို မပြောဘူး။
အဲ့သလိုကြီး မကြိုက်ပါဘူးဆို တော်ပြီ။ မစားတော့ဘူး"

"ဒီမှာ ပဲတဝက်ရှိပါသေးတယ် ညည်းကြိုက်သလို
လုပ်စား။ မအေက ကောင်းစေချင်လို့ လုပ်တာ။
ဂျီးများနေတယ်။ ဂျီးများလို့ ရသေးသရွေ့ များကြ
အုံးပေါ့"

သမီးဖြစ်သူက ပွစိပွစိ။ အမေ ဖြစ်သူက ပွစိပွစိ
ဖြင့် ဗိုလ်ချုပ်မွေ့နေ့ကို ပဲနံပြားစားရင်း ဖြတ်သန်း
လိုက်ကြသည်။ ကျွန်တော်နှင့် အမေက အကြော်နဲ့
ထမင်း မနက်စာစားရင်း သူရို့သားအမိပြောသံကို
ကြားနေရတော့သည်။

@htwegyi
February 14, 2026



0
0
0.000
2 comments
avatar

⚠️⚠️⚠️ ALERT ⚠️⚠️⚠️

HIVE coin is currently at a critically low liquidity. It is strongly suggested to withdraw your funds while you still can.

0
0
0.000
avatar

ဗိုလ်ချုပ်မွေးနေ့ဟာ အရင်ခေတ်လိုမျိုးဆို ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်မလဲ?

0
0
0.000