ဘာမှ မဘာနိုင်။

avatar

ပွဲဟု ကရန် ခုနှစ်သံချီဆွယ်။ သွားလိုက်ကြတာ
လူတွေမနည်းပေါင်။ လာလေ စောစော သွားမှ
တို့နေရာ ရမယ်။ ပွဲသံ ဆိုင်းသံကြားရင်
ကျုပ်တို့လူမျိုးက အများအားဖြင့်ပေါ့။ မနေနိုင်
သူက ခပ်များများ ရိုးတိုး ရွတ ဖြစ်ကြတာကလား။
ဒန့်တန့်တန့်ဆို နန့်တန့်တန့်လေး လုပ်လိုက်ရမှ။
ဝါသနာကို မတားနဲ့ဆိုသလို။ သို့ပေသိ ကျုပ်
သူငယ်ချင်းမ တယောက်ကတော့ ထူးခြားသူ
တယောက်လို့ ပြောရမလို။

သူမက အများနဲ့မတူဘူး။ ကျုပ်တို့ ခင်များတို့
အများစုပေါ့လေ။ ဆိုင်းသံ၊ သီချင်းသံကြားရင်
စိတ်က ရိုးတိုးရွတဖြစ်ကြသူကအများသားပါ။
အထူးသဖြင့် ကြားရတဲ့ သီချင်းသံက ကိုယ်တွေ
လိုက်ဆိုနိုင်တဲ့ သီချင်းဆိုပါမူ စည်းချက်အတိုင်း
လိုက်ဆိုမိကြသည်။ သူမကတော့ ထိုသို့မဟုတ်ပေ
သီချင်းကို နားဆင်သူ သက်သက်သာဖြစ်သည်။
သီချင်းကို လိုက်၍ ဆိုညည်းခြင်းမရှိ။ သူမ
သီချင်းညည်းသံ ဆိုသံကို မကြားဖူးပါ။ သူမက
သီချင်းသာ မဆိုတာ။ ပေါ်ပင်သီချင်း၊ နာမည်ကြီး
နေတဲ့ သီချင်းကို ကျုပ်တို့သာ မသိရှိမည်။ သူမက
သီပြီး၊ ကြားပြီးဖြစ်နေသည်။


Credit Image.

တနေ့နေ့မှာတော့ သူမကို သီချင်းဆိုခိုင်းရပေအုံးမည်။
ဆိုင်းသံ၊ သီချင်းသံဆိုသည်က နားဆင်ရသူ
သည် စိတ်လက်ပေါ့ပါးနေပါမူ နားဝင်ပီယံရှိပေသည်။
သို့ပေသိ နားဆင်သူသည် စိတ်လက်
မချမ်းသာ၊ ကိုယ်မကျန်းမာရှိနေပါမူ ထို ဆိုင်းသံ၊
သီချင်းသံများကို နားဝင်ဖို့၊ နားထောင်ဖို့၊
အတော်ခက်ခဲသည်။ တခါတရံ ထို အသံများကို
နေ့စဉ်ရက်ဆက် နားထောင်ရသောအခါမှာလည်း
နားငြီးလာတတ်သည်။

ထိုကိစ္စနှင့်ပတ်သက်၍ အိမ်ဘေးမှ အမျိုးသမီးကြီး
နဲ့ စကားပြောဆိုမိသည်။ ထိုသို့ ပြောသည့်အချိန်က
သီးတင်းကျွတ်၊ တန်ဆောင်မုန်း မန္တလေး၏
ဘုရားပွဲတော်ရာသီ အချိန်ကာလကဖြစ်သည်။
ညစဉ် ညတိုင်း ဓမ္မာရုံများမှ ဘုရားပွဲပြုလုပ်ပြီး
ရပ်ကွက်သူ/သားများက စင်တင်တေးဂီတပွဲများ
ပြုလုပ်၍ သီဆိုကြသည်။ မန္တလေး၏ ဓမ္မာရုံများ
ဆိုသည်က သိကြသည့်အတိုင်း ဟိုဖက်လမ်းထိပ်၊
ဒီဖက်လမ်းထိပ်မှာ ရှိသည်။ တခါတရံ ဓမ္မာရုံ
နှစ်ခုက ဘေးကပ်လျှက်ပင် အပြိုင်ဆောက်ထား
ကြသေးသည်။

ကျုပ်တို့ရပ်ကွက်၏ အရှေ့ရပ်ကွက်များက
ဓမ္မာရုံများ ပိုမိုများကြားသည်။ ညနေ နေညိုချိန်
ရောက်သည်နှင့် အရှေ့ရပ်ကွက်များမှ ဘောက်ကြီး
များဖွင့်ကာ ရပ်ကွက်မှ ဝါသနာရှင်အပေါင်းက
စင်တင်တေးဂီတများကို အော်ဟစ်ဆိုကြလေသည်။
တစ်ရက်မဟုတ်၊ သုံးလေးငါးရက် ဆက်တိုက်
အော်ဟစ်ဆိုကြသည်။ ထိုအနီးမှ လူများ မည်သို့
ရှိကြမည်မသိ။ အဝေးမှ ကြားရသူ ကျုပ်တို့ပင်
သူတို့၏ ဘောက်သံကြီးများက ရင်ဘတ်ကို
ဒိန်းကနဲ့ ဒိန်းကနဲ့ လာဆောင့်သည်။

ထိုသို့သော သီချင်းဆိုသံများအကြောင်းကို
ဘေးအိမ်မှ အမျိုးသမီးကြီးနဲ့ စကားပြောဆိုမိသည်။

"သီချင်းသံတွေက ကျုပ်တို့အဝေးက လူတွေတောင်
ရင်ထဲ ဒိန်းကနဲ့နေအောင်ဖြစ်တာ။ အနီးအနားက
လူတွေ ဘယ်လိုများနေရှာမလဲ မသိဘူး။
တစ်ရက်တလေ ဆိုရင်တော့ သီးခံရတာပေါ့"

"အမလေး ဘာမှ မဖြစ်ပေါင်၊ ကျုပ်တို့တော့
နေတတ်ပါ့"


Credit Image.

ကျုပ်တို့တော့ ဘာမှ မဖြစ်ပါဘူးဆိုသည့်
အမျိုးသမီးကြီးသည် မနေ့က သူ့အိမ်ဘေးသို့
အလှူခံကားရောက်လာသည်။ ထုံးစံအတိုင်း
သီချင်းဆို၍ အလှူခံသည်။ ထိုဘာမှ မဖြစ်ပါ
ဆိုသော အမျိုးသမီးကြီးက သူခမျ ဘာတွေ
ဖြစ်နေရှာသလဲမသိပါ။ သီချင်းဆိုအလှူခံကားကို
မေတ္တာများပို့နေသည်။ အလှူခံကားကတော့
သူ့အသံနဲ့ သူဆိုတော့ အေးဆေးပင်။
အမျိုးသမီးကြီးမှာသာ ဂီတကို သူ့ခမျ
ယခုတော့ ဘာမှ မဘာနိုင်ရှာတော့ပေ။

@htwegyi
June 8, 2025



0
0
0.000
1 comments
avatar

ဦးထွေးကကော မိုက်ခဲပဲလား။
ဟီးဟီး

0
0
0.000