အလုပ်နှင့် ကံတရား။
ကံတရားဆိုသည်ကလည်း ဆန်းကြယ်သည်ဟု ပြောရမည်။
ကံဆိုတာ အလုပ်ဟုလည်း ခေါ်သည်။ ဟုတ်ပေမည်
အလုပ်မလုပ်ပဲနှင့် ကံတရား၏ ဆန်းကြယ်မှုကို
တွေ့ဆုံနိုင်မည်မဟုတ်ပေ။ ထီပေါက်သူများ အဖို့
ထားပါလေ။ သူရို့ကတော့ ခြွင်းချက်ပေါ့။ တလောက
လူမှုကွန်ယက်မှာ နာမည်ကြီးသွားသော အချဉ်ရောင်းသူ
တဦး၏ ကံတရားဖြစ်သည်။ သူမ၏ အချဉ်ပေါင်း
က သံပုရာသီးအလုံးလိုက်ကို အချဉ်ပြုလုပ် ရောင်းချ
ခြင်းဖြစ်သည်။
သူမ၏ အချဉ်က ရောင်းကောင်းသွားသည်။
ပေါက်သွားသည်ဟု ပြောရပေမည်။ ဦးပိန်တံတား
တောင်သမန်မှာ သူမလို အချဉ်ပေါင်းရောင်းသူများ
ရှိပေမည်။ သို့ပေသိ သူမ၏ ကံတရားကို အခြား
အချဉ်ရောင်းသူများ လိုက်မမှီပေ။ သူမ၏
သံပုရာသီးအလုံးလိုက် အချဉ်ကို သူမထံမှ
မဝယ်စားဖူးပေသိ။ အိမ်မှာ တူမက ပြုလုပ်ကျွေး၍
ထိုသံပုရာသီးအချဉ်၏ အရသာကို ထိတွေ့ဖူးသည်။

သံပုရာ အချဥ်သုပ်၏ အရသာက အမယ်မင်း
မျက်ရည်များတောင် လည်ရှာတယ်။ အဲ့သလို သီချင်းပင်
ဆိုရမလောက် လျှာဖျားမှာ ချဉ်းခါးစပ်ငံ အရသာကြီး
က လျှာတကြော တိုးဝှေ့သွားပါလေသည်။
ထိုကြောင့် အနှီး ဖက်တီးမဟုခေါ်သော သံပုရာသီး
အချဉ်ကို မှတ်မိပေသည်။ သူမ၏ ထိုသံပုရာအချဉ်
မည်မျှရောင်းကောင်းသည်မသိပေ။ သက်ဆိုင်ရာမှ
ထိုအချဉ်ကို ကျန်းမာရေးအရ ပိတ်ခိုင်းရသည်အထိ
ဖြစ်သည်။ သံပုရာသီးအလုံးလိုက်ကြီးများကို စားကြ
၍ ကျန်းမာရေး ထိခိုက်နိုင်သည်မှာ ဖြစ်နိုင်
မဖြစ်နိုင် ချင့်ချိန်စားကြဖို့ မြန်မာပြည်သူများ၏
ကျန်းမာရေးအသိက မည်သို့ရှိရှာကြပါသနည်း။

သံပုရာသီးအချဥ်ရောင်းသူသည် သူ့အချဉ်
မရောင်းရသောအခါ အားလူးကြော်နှင့် ငါးရေခွံကြော်
များကို ထပ်မံရောင်းချပြန်သည်။ ဒီတခါလည်း
သူမသည် ကံကောင်းပြန်သည်။ လူမှုကွန်ယက်မှ
ကြော်ငြာအားနှင့်အတူ လူတို့၏ မလုပ်နဲ့၊ မဝယ်နဲ့
မရောင်းနဲ့ ဆိုသည်မှ လုပ်ချင်၊ ရောင်းချင်၊ ဝယ်ချင်
ကြပါသော စိတ်တို့က သူမ ကို တဖန်ပြန်လည်ပြီး
ကံကောင်းစေခဲ့ပြန်သည်။

ကံဆိုသည်က အလုပ်ဟူသမို့ သူမ၏ လုပ်အား
အတွက် ကံက ထပ်ချက်မကွာလိုက်သည်။ တနေ့က
တူမက ဖက်တီးမ ငါးရေခွံကြော် လျော့ဈေးရောင်း
နေသည် သွားဝယ်မည်ဟုပြောသည်။ ဒီတော့
ကျွန်တော်လည်း တောင်သမန်မရောက်တာကြာသမို့
သူရို့နဲ့အတူ လိုက်ပါခဲ့သည်။ ဖက်တီးမ ငါးရေခွံကြော်နှင့်
အားလူးကြော်ရောင်းသည့် အိမ်ကလေးမှာ
လူများ များပြားစွာ ဝယ်ယူနေသည်ကိုတွေ့ရသည်။
သူမ၏ ငါးရေခွံကြော်က ပုံမှန်ဆိုပါမူ တသောင်းကျော်
သည်ဟုသိရသည်။ ယခု ရှစ်ထောင့်ငါးဖြင့် ရောင်း
ချခြင်းဖြစ်သည်။

အပြင်မှာ ရောင်းသော ငါးရေခွံနှင့် သူမ၏ ငါးရေခွံကြော်က
မည်သို့ကွာခြားသလဲဆိုသည်မှာ စားသုံးသူသာ
သိပေမည်။ သူမ၏ ဈေးရောင်းသော အိမ်ရှေ့မှာ
အလှူမဏ္ဍာပ်တခု ထိုးထားသည်။ ဖက်တီးမက
အလှူပေးမည်ဟု သိရသည်။ အင်း ကံတရားတို့က
ဆန်းကြယ်လေသည်။ ကံဆိုသည်ကလည်း
အလုပ်ဟု ဆိုပြန်ပါလေသည်။
@htwegyi
January 26, 2026
ဖက်တီးမတောင် ဦးထွေး ကလောင်ထဲ ပါလာပြီ နာမည်ကြီးချက်ပဲ။
!PIZZA
!HUG
$PIZZA slices delivered:
@golden.future(1/10) tipped @htwegyi
Learn more at https://hive.pizza.