Who Will Another Quarter Finals Lists

အသင်းငယ်တွေ အရင် ဂိုးသွင်းပေမယ့်လည်း အဆုံးမှာတော့ အသင်းကြီးတွေကပဲ အနိုင်ရသွားခဲ့၏။ မနေ့ညနှင့် ဒီနေ့ပွဲတွေက သက်သေပင်။ မနေ့ညက England vs Slovakia ပွဲမှာတော့ Slovakia အနိုင်ပဲလို့ကို ထင်ခဲ့မိ၏။ ပထမပိုင်း ၂၅ မိနစ်မှာ Slovakia တို့ ဦးဆောင်ဂိုး သွင်းထားခဲ့၏။ ထို တဂိုးထဲနှင့် ပွဲကို သူတို့ ဦးဆောင်ထားခဲ့၏။ မိနစ် ၉၀ ထိ သူတို့ ခံစစ်ကို သေချာ ကစားနိုင်ခဲ့၏။ သို့ပေမယ့် ၉၀+၅ မိနစ်မှာတော့ Bellingham ၏ လှပသော ချေပဂိုးဖြင့် England တို့ အသက်ဆက်နိုင်ခဲ့၏။

၈၅ မိနစ် နောက်ပိုင်းကနေစလို့ Slovakia အတွက် အရေးကြီးသလို England အတွက်လည်း အသဲအသန် အနေအထားပင်။ တောက်လျောက် ထိန်းလာနိုင်ခဲ့ပြီးမှ၊ နောက်ဆုံး မိနစ်နား ရောက်မှ Slovakia တို့ ပြာယာတွေခတ်လာခဲ့၏။ နောက်တန်းက မပြာဘူး။ အလယ်တန်းနဲ့ ရှေ့တန်းက လောနေတာ။ မိနစ် ၉၀ လည်း ပြည့်နေပြီလေ နာကျင်အချိန်ပိုလေးမှာ သေချာ ထိန်းကစားရင် ရနေပြီကို။ မိနစ် ၉၀ လုံး ထိန်းလာခဲ့ပြီးမှ နာကျင်အချိန်ပို ၆ မိနစ်က သူတို့ အတွက် နာကျင်စရာ ဖြစ်သွားခဲ့၏။

သာမန် ပွဲချိန်ထိ ၁-၁ ဂိုး သရေကျနေသဖြင့် အချိန်ပို ၁၅ မိနစ်စီ ဆက်ကစားကြရ၏။ ချေပဂိုး ပြန်ပေးလိုက်ရပြီးကတည်းက ပွဲက England ဖက် ပြန်ရောက်သွားပြီဆိုတာကို သတိထားမိလိုက်ပြီ ဖြစ်၏။ ပွဲ၏ အလှည့်အပြောင်းက Bellingham ၏ ချေပဂိုးပင်။ England တို့ ကံကောင်းသွားသည်ဟုပဲ ပြောရပေလိမ့်မည်။ ခြေစွမ်းကတော့ ချီးကျူးရအောင်၊ တခုတ်တရ ပြောယူရအောင်ထိ မဟုတ်သေးပေ။ ကစားကွက်ထက် တဦးကောင်း တယောက်ကောင်းကြောင့်သာ နောက်တဆင့် တက်နိုင်ခဲ့သည်ဟုပဲ ထင်မိ၏။

ကွာတားဖိုင်နယ်မှာ တွေ့ရမှာက Switzerland အသင်းနှင့် ဖြစ်၏။ Slovakia ထက်စာရင် teamwork ပိုကောင်းသည့် အသင်း ဖြစ်၏။ ပိုလည်း တည်ငြိမ်၏။ England တို့ ဆီမီးဖိုင်နယ် တက်နိုင် မတက်နိုင်ကတော့ Switzerland စာမေးပွဲကို ထပ်မံ ဖြေဆိုရပေလိမ့်ဦးမည်။ အမှားတွေကို မပြင်ဆင်နိုင်သေးရင်တော့ ဆီမီးဖိုင်နယ် အဆင့်ကနေပဲ အိမ်ပြန်သွားရနိုင်၏။

မနက် ၁ နာရီခွဲပွဲမှာတော့ Spain က Georgia ကို ၄-၁ ဂိုးဖြင့် အနိုင်ရသွားခဲ့၏။ အဆိုပါ ပွဲမှာလည်း ၁၈ မိနစ်မှာ Georgia တို့ ဦးဆောင်ဂိုး စပြီး ရ၏။ သူတို့ သွင်းတာတော့ မဟုတ် Spain က ကိုယ့်ဂိုးကို ကိုယ်စွင်းပေးခြင်း ဖြစ်၏။ နှစ်သင်းလုံး၏ ဂိုးတွေကို စပိန်ကပဲ သွင်းပေးခဲ့သည်ဟု ပြောလို့ရမည်။ ကွား
တားဖိုင်နယ်မှာတော့ Spain တို့ အိမ်ရှင် Germany နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။

ဒီနေ့ည ၁၀ နာရီခွဲနှင့် နက်ဖြန် မနက် ၁ နာရီခွဲတို့မှာ နောက်ထပ် ၁၆ သင်းဆင့် ပွဲစဉ် နှစ်ပွဲ ကစားသွားဖို့ ရှိနေ၏။ ည ၁၀ နာရီခွဲမှာတော့ France vs Belgium နှင့် မနက် ၁ နာရီခွဲမှာတော့ Portugal vs Slovenia တို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ ည ၁၀ နာရီခွဲပွဲတော့ ကြည့်လိုက်ပါဦးမည်။

(photos from Euro 2024 Facebook page)



0
0
0.000
0 comments