ဝါးတီး

မနေ့က သူငယ်ချင်း မင်္ဂလာဆောင် ရှိ၏။ ရွယ်တူတော့ မဟုတ် ကျနော့်ထက် ငယ်၏။ ကျနော့်မှာ ရွယ်တူ သူငယ်ချင်းထက် ကိုယ့်ထက် ငယ်သည့် သူငယ်ချင်းတွေ ပိုများ၏။ Futsal ကစားရင်းမှ ခင်သည့် သူငယ်ချင်း ဖြစ်၏။ မနက် ၉ နာရီကနေ ၁၂ အထိ ကျွေးမွေး ဧည့်ခံခြင်း ဖြစ်၏။ ကြက်သားနှင့် ဒံပေါက် ကျွေးခြင်း ဖြစ်၏။ စားလို့ ကောင်း၏။

လိုအပ်တာ ကူညီရန် မနက်ခင်း ၈ နာရီ ကတည်းက ခန်းမသို့ ရောက်နေခဲ့၏။ အလုပ်ကိုင်ကူတွေ မရောက်လာသေး။ သို့နှင့် ပန်းကန် ဇွန်းခရင်း ဒံပေါက်နှင့် တွဲစားရသည့် အမယ်၊ ဟင်းရည် အစရှိသည်တို့ကို လိုက်လံချထားပေး၏။ တအောင့်နေတော့ အခြား လုပ်ကိုင်ကူတွေ ရောက်လာ၏။ ရောက်တာနဲ့ ဒံပေါက် စားကြ၏။ လုပ်ကိုင် ကူရမယ့်သူတွေဆိုတော့ အရင် စားထားဖို့ လိုသည် မဟုတ်လား။

ကျနော်နှင့် အခြား ညီလေး တယောက်လည်း ကြိုတင်ချထား စရာများ ချထားပြီးနောက် ဒံပေါက်စားဖို့ ပြင်ရ၏။ ကိုယ်တွေသည်လည်း မင်္ဂလာအချိန် အစမှသည် အဆုံးထိ နေကြရမည့် သူတွေ မလား။ စားသောက် ပြီးနောက် လိုအပ်တာတွေ လုပ်ကူပေါ့။ လုပ်ကိုက်ကူ အဖွဲ့တွေ ရှိနေပြီမို့ သိပ်အများကြီး လုပ်စရာတော့ မရှိ မလိုတော့ပေ။ ဧည့်ခံ ကြိုဆိုရေးပေါ့။ ကိုယ်တွေနဲ့ သိသူများကို နေရချ၊ အဖော်ပြုပေးပေါ့။

နေ့လည် ၁ နာရီမှာတော့ မင်္ဂလာဆောင် သိမ်းလေ၏။ လက်ဖွဲ့၊ အခြား ပစ္စည်း၊ လူပရိတ်သတ်တို့ နှင့်အတူ သတို့သား၊ သတို့သမီး အိမ်သို့ လိုက်ပါ ပို့ဆောင်ကူကြ၏။ ထုံးစံအတိုင်း ရွှေကြိုးတား၊ ခဲဖိုးတောင်း အစရှိသဖြင့် ပျော်စရာ အလေ့အထကိုလည်း ဆင်နွှဲကြ၏။ ပျော်စရာ ဆိုပေမယ့် အဆိုပါ ရွှေကြိုးတား၊ ခဲဖိုးတောင်းခြင်းကြောင့် စကားတွေများ ပြဿနာတွေ ဖြစ်ရသည့် မင်္ဂလာဆောင်တွေလည်း ရှိသေးသည် မလား။ တော်ရုံတန်ရုံပေါ့။

နေ့မင်္ဂလာဆောင်ပြီး ည ဒင်နာတော့ မလုပ်နိုင်ပေ။ နှစ်ဖက် ဆွေမျိုးတွေ ဧည့်ခံပေးရဦးမည် ဖြစ်သောကြောင့် ဒင်နာကို နောက်ရက်မှပဲ သက်သက် လုပ်ပေးမည် ဖြစ်ကြောင်း သူငယ်ချင်းတွေကို ကြိုတင် ပြောကြားထား၏။ ကျနော်တို့လည်း ပစ္စည်းတွေ နေရာချကူပြီး နှုတ်ဆက်ကာ ပြန်ခဲ့ကြလေ၏။ မင်္ဂလာ ဇနီးမောင်နှံလည်း သက်ဆုံးတိုင် ပျော်ရွှင်စွာ အတူတကွ နေထိုင်သွားနိုင်ပါစေကြောင်း ဆန္ဒပြု ဆုမွန်ကောင်း တောင်းအပ်ပါ၏။



0
0
0.000
2 comments
avatar

အင်း သူများဟာတွေ လိုက်ကူညီနေရသောအခါ
ပေါ့လေ။
!LOLZ
!MEME

0
0
0.000
avatar

ဟီး
ဟုတ်ဗျ။ ကိုယ့်ကိုကတော့ တော်ပါပြီဗျာ။
တယောက်ထဲပဲ ကောင်းပါတယ်။
😅

0
0
0.000