ဝမ်းသာစရာ

avatar

ဒီနေ့ ဝမ်းသာစရာ သတင်း ကြားရ၏။ သူငယ်ချင်းက phone လှမ်းဆက်ပြီး ပြောလာခြင်း ဖြစ်၏။ ဆန္ဒတွေ ပြရာကနေ အသွင်ကူးပြောင်း တော်လှန်ရေး စတင်ရာမှာ ကူညီခဲ့လို့ဆိုသည့် မသင်္ကာမှုနဲ့ မတရား အဖမ်းခံထားရသည့် သူငယ်ချင်း သဘတ်ခါဆို လွတ်တော့မည် ဆိုသည့် သတင်း ဖြစ်၏။ အဆိုပါ သူငယ်ချင်း၏ ညီမလေးမှ သတင်း စကား ပါးလာခြင်း ဖြစ်၏။ ဒါကို သူငယ်ချင်းက တဆင့် ထပ်ပြောခြင်း ဖြစ်၏။

ကျနော်တို့နဲ့ ခဏ ဆုံချင်ကြောင်း ပြီးရင် သူနေရာ မြို့သို့ ပြန်မည် ဖြစ်သောကြောင့် သူငယ်ချင်းများကို ဆိုင်တခုမှာ စု စုံဖို့ တပါတည်း မှာလာခဲ့၏။ သို့နှင့် ကျနော်လည်း အခြား သူငယ်ချင်းများကို phone လှမ်းဆက်ကာ ပြောရ၏။ အားရင် လာခဲ့ကြဖို့ကိုပေါ့။ အို မအားလည်း လာပေးကြပါဦးပေါ့။

အဆိုပါ သူငယ်ချင်းက တော်လှန်ရေး အစ ကနဦးမှာကတည်းက ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်၏။ ဆန္ဒပြတုန်းကလည်း တက်ကြွခဲ့သူ၊ အသွင်ပြောင်း တော်လှန်ရေးမှာလည်း နောက်ကောက်ကျ မကျန်ခဲ့သူ ဖြစ်၏။ ပါသွားပုံကလည်း မထင်မှတ်ထားသည့် ပုံစံနဲ့ ဖြစ်၏။

အဖွဲ့တွေ စစုနေချိန် လိုအပ်နေသည့် ဆေးဝါး စားစရာကို သွားပို့ကြ၏။ ပို့သည့်ကားကလည်း အဆိုပါ အဖွဲ့အတွက် ဖြစ်၏။ ကားက လိုင်စင် မရှိ အလွတ် ဖြစ်၏။ ကား လိုင်စင် စစ်ရင်းနဲ့မှ လူတွေကိုပါ စစ်ကြရင်း မသင်္ကာလို့ ဖမ်းထားလိုက်ကြခြင်း ဖြစ်၏။ ဆိုးတာက သူငယ်ချင်းရဲ့ phone ထဲမှာ ရှိသည့် အချို့သော ဗီဒီယို၊ ဓါတ်ပုံတွေက သူ့ကို ခေါင်းစဉ်တပ်လိုက်လို့ရသည့် အရာတွေ ဖြစ်နေခဲ့တော့၏။

တော်လှန်ရေး အစကတည်းက ဆိုတော့ ၄ နှစ်လောက် သူလည်း အထဲမှာ နေခဲ့ရ၏။ ဘာပဲ ပြောပြော ခု သူပြန်လာနိုင်ခဲ့ပြီ ဖြစ်၏။ သူ့ အတွက် ဝမ်းသာမိ၏။ သူ လုပ်နိုင်ခဲ့သည့် အရာတွေ အတွက်လည်း ဂုဏ်ယူမိပါ၏။



0
0
0.000
3 comments