စားပြီး အိပ်

မနေ့က စားကောင်းကောင်းနဲ့ ဒံပေါက်တွေ စားလိုက်တာ ညက အစောကြီး အိပ်ပျော်သွားခဲ့၏။ အမှန်တော့ မနေ့ နေ့လည်ခင်း ကတည်းက အိပ်ချင်နေတာ။ စားပြီး သောက်ပြီး ဗိုက်ကပြည့်နဲ့ကိုး။ ဒါပေမယ့် ဂိမ်းဆော့နေတာနဲ့ အိပ်ဖို့ သတိမရနေတာ။ အိပ်ချင်နေပေမယ့် ဂိမ်းထဲ စိတ်ရောက်နေလို့သာ။ တချက်တချက် သမ်းနေမိသေးတာ။ ဒံပေါက်က မစားဖြစ်တာ ကြာတော့ များများ စားမိသွားတာလည်း ပါ၏။
ဒံပေါက် တပွဲ ဈေးကလည်း မေးဦးလေ။ ခက်တာက ဈေးထက် အရသာက အဆင်မပြေတာ။ နာမည်ကြီးပြီး အရသာက မကောင်း။ ဒီကြားထဲ ဈေးက ကြီးနဲ့။ မတန်သလို ခံစားရတော့ သိပ်မစား ဖြစ်တော့ပေ။ အိမ်မှာ ဆွမ်းကပ် ဘာညာတွေ လုပ်ရင်တော့ ဒံပေါက် မှာလေ့ ရှိ၏။ သူ့အရသာက အဆင်ပြေ၏။ ဈေးလည်း သင့်၏။ ဆိုင်မဖွင့်ထားပေ။ အလှူ မင်္ဂလာဆောင်တွေ လက်ခံပြီး သီးသန့် ချက်ပေးလေ့ ရှိ၏။
ကနဦးတုန်းကတော့ သူတို့ လည်ပြီး ရောင်းသေး၏။ နောက်ပိုင်း အမှာတွေ များလာတော့ လည် မရောင်း ဖြစ်တော့ဘဲ အမှာသီးသန့်သာ ချက်လေတော့၏။ သူ့ အရသာက အတော်လေး ကောင်း၏။ ဒံပေါက်ထဲ ထည့်ပေးသည့် အမယ်လည်း စုံ၏။ သီးစုံ ပဲဟင်းက အတော်လေး ကောင်း၏။ အချဉ်ကို သရက်ချဉ် မပေးဘဲ သရက်သီးသနပ်နဲ့ လုပ်ပေး၏။ ပူစီနဲ့ရွက်၊ ငရုတ်သီးကြော် အစရှိတာတွေလည်း တပါတည်း ထည့်ပေး၏။

အာရုဏ်လား၊ နေ့ဆွမ်းကပ်မှာလားပေါ် မူတည်ပြီး အိမ်တိုင်ရာရောက် အိုးတွေနဲ့ လာပို့ပေး၏။ ညနေမှ အိုးတွေ လာရောက် သိမ်းဆည်း၏။ အကုန် အဆက်ပြေပေမယ့် ကြက်သားဟင်းက အကျက်လိုနေလေ့ ရှိ၏။ တခေါက်တလေ မဟုတ် နောက်ဆုံးမှာသည့် နှစ်ခေါက်မှာ နှစ်ခါလုံး ကြက်သားက မာနေသေး၏။
ဟို ညီလေး အိမ်မှာ ဒံပေါက်စားနေရင်းက သူ့ ဒံပေါက်ကို သွားသတိရမိနေ၏။ ခု ဒံပေါက်လည်း မဆိုးပါဘူး။ စားလို့ ကောင်း၏။ စားကောင်းကောင်းနဲ့ စားထည့်လိုက်တာ ညဘက် ထမင်းစားချိန်ထိ ဗိုက်မဆာပေ။ သို့ပေမယ့် တခုခုတော့ စားမှ ဖြစ်ပေလိမ့်မည်။ တော်နေကြာ တရေးနိုး ထဆာနေမှဖြင့် အအိပ်ပျက်ပေလိမ့်မည်။ နည်းနည်းလောက်စားပြီး အစာကြေအောင် ခဏစောင့်ကာ အိပ်ရာ ဝင်လိုက်၏။
ည ၈ နာရီ ကတည်းက အိပ်ပျော်သွားတာ မနက် ၆ နာရီ ဆွမ်းထလောင်းချိန် ရောက်မှ နိုးတော့၏။ မနက် ၄ နာရီလောက်က တခါ နိုးသေး၏။ ရေသောက်ပြီး ပြန်အိပ်ပျော်သွားခဲ့၏။