ပန်းကမ္ဘာသို့ တခေါက်

ပန်းကမ္ဘာထဲ ရောက်နေတာ နှစ်ရက် ရှိပြီ။ ဘယ်က ဘယ်လို စဖြစ်သွားသည်တော့ မသိပေ။ ဖြစ်နိုင်တာက ပန်းကမ္ဘာ မဖြစ်ခင် ရှေ့တရက် ညက စားသည့် အစားကြောင့်ဟု ထင်မိ၏။ ထိုနေ့ညက သူငယ်ချင်း လှမ်းခေါ်သဖြင့် အကင်ဆိုင်သွား ၏။ ကြက်ဂွေးတောက် ဟင်းရည်က အရသာ တမျိုး ဖြစ်နေတာ သတိထားမိ၏။ သုံပရာသီး ညှစ်ထားလို့ဟု သူငယ်ချင်းကတော့ ပြော၏။ သိပ် မသောက် ဖြစ်လိုက်ပါဘူး နည်းနည်းသာ သောက်လိုက်၏။
အိမ်ပြန်ရောက်တော့ ဗိုက် နည်းနည်းဆာနေသေးတာနဲ့ ထမင်း ထပ်စား၏။ မမကြီးက ဝက်သားမျှစ်ချဉ်ချက် လာပို့ထား၏။ ကျနော့် အထင်တော့ အဆိုပါ နှစ်ခု ပေါင်းသွားတာ ဖြစ်နိုင်၏။ ဒါပေမယ့် နှစ်မျိုးလုံးကို တဝကြီး စားခြင်း မဟုတ်ပေ နည်းနည်းစီသာ စား၏။ နို့ပေမယ့် ဖြစ်ချင်တော့ နည်းနည်းလည်း ဖြစ်တာပါပဲ မလား။
မနက်ခင်း ၃ နာရီလောက်ကြီး ဗိုက်နာ၏။ အိပ်ရာကထ သန့်စင်ခန်း ပြေးရ၏။ သိလိုက်ပြီ ငါတော့ ပန်းပြီဟပေါ့။ ဖြေဆေးသောက်မလို့ဆို ဆေးက အိမ်ပေါ်ထပ်မှာ ပြီး အမေကော၊ အမကော အိပ်နေကြပြီ ဖြစ်၏။ မနက်မှ သောက်ရပေတော့မည်။ ဗိုက်က နေလို့ မကောင်းပေ သို့ပေမယ့် အိပ်ချင်စိတ် ကြီးစိုးနေသောကြောင့် ပြန်အိပ်ပျော်သွား၏။

မနက် အိပ်ရာ နိုးတာနဲ့ ဖြေဆေးသောက်၏။ ပြီး ဆွမ်းတော်တင်၊ ဆွမ်းလောင်း၏။ မသက်သာပေ။ ဝမ်းထပ်သွားပြန်၏။ တနေ့လုံး ထိုသို့ ဖြစ်နေလေ၏။ ဖြေဆေးလည်း သောက်၏။ တနေ့ကုန် သွား၏။ ညပိုင်းမှာတော့ နည်းနည်း သက်သာ၏။
နို့ပေမယ့် ဒီနေ့ မနက်ခင်း ၃ နာရီလောက်မှာ ဝမ်းထသွားပြန်၏။ မဖြစ်ချေတော့ပေ။ ကလေးတွေ ကျောင်းပို့ရင်း ဆေးဝယ်မှ ရတော့မည်။ အရင် ဝမ်းသွားတုန်းက Bioflor ဆိုသည့် ဆေးသောက်တာ သိသိသာသာ ပျောက်ကင်း သက်သာ၏။ ဈေးလည်း ကောင်း၏။ အင်းလေ ဆေးကောင်းတော့ ဈေးလည်း ကောင်းသပေါ့။ အမေ ဝမ်းလျောတုန်းကလည်း အဆိုပါ ဆေးနှင့်ပဲ မြန်မြန်လေး သက်သာသွား၏။
ခု အမေလည်း ဝမ်းပျက် ဝမ်းလျောနေတော့ သား အမိ နှစ်ယောက် အဆိုပါ ဆေးသောက်မှပဲ ရတော့မည် ဖြစ်၏။ မနက် ကလေးတွေ ပို့ရင်း တပါတည်း ဆေးဝင်ဝယ်၏။ သောက်လိုက်ပြီး မကြာမီမှာ နေရတာ အတော်လေး အဆင်ပြေသွားခဲ့၏။ အရှင်း ပျောက်ကင်းဖို့ ဆေးတော့ ဆက်သောက်ရပေလိမ့်ဦးမည်။
အမြန်ကျန်းမာပါစေ။
!HUG
!MEME
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!