Still Top 1

ကြားရက်တွေမှာ UCL, UEL & UECL ပွဲစဉ်များ ကစားသွားခဲ့၏။ မနှစ်ကစလို့ ပုံစံအသစ် ပြောင်းလဲ ကျင်းပသည့် ဥရောပ ပွဲစဉ်တွေနှင့် ခုထိ အသားမကျသေးသူတွေလည်း ရှိပေလိမ့်ဦးမည်။ ထိုအထဲမှာ ကျနော်လည်း အပါအဝင်ပေ။ အဓိကက နားမလည်နေခြင်း ဖြစ်၏။ ခု အတော်အတန် နားလည်သဘောပေါက်လာပြီမို့ အဆင်ပြေသွားခဲ့၏။ United မပါတာရယ် ပြီး ဥရောပ ပွဲစဉ်တွေက သန်းခေါင်ကျော်တွေဆိုတော့ သိပ်မကြည့် ဖြစ်ပေ။ မနက် အိပ်ရာထမှ results ကြည့်၊ highlights ကြည့်တာတွေ လုပ်ဖြစ်၏။

EPL မှာ Aston Villa ကို 2-1 နဲ့ ရှုံးခဲ့ပေမယ့် UCL မှာတော့ Club Brugge ကို 0-3 ဖြင့် အနိုင်ယူပြီး Arsenal တို့ ဆက်လက် အမြင့်ပျံနေခဲ့၏။ ဆင်ပျံကြီးက သူ့ ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်း ထားနိုင်ခဲ့၏။ 8 ပွဲကစားရမယ့် ပုံစံ အသစ်မှာ 6 ပွဲထိ ကစားပြီးခဲ့ကြပြီ ဖြစ်၏။ Arsenal က 6 ပွဲကစား 6 ပွဲလုံး အနိုင်ရထား၏။ ကစားဖို့ 2 ပွဲကျန်နေသေးပေမယ့် Arsenal တို့ Round of 16 တိုက်ရိုက် ကစားခွင့်ရသွားခဲ့လေ၏။ 6 ပွဲ ကစားပြီးချိန်မှာ 17 သွင်းပြီး 1 ဂိုးသာ ပြန်အသွင်းခံထားရတဲ့ ကစားပုံက တကယ့်ကို ချီးကျူး ချင်စရာပင်။

ကျန်အသင်းတွေ အနေဖြင့် တိုက်ရိုက် ဝင်ခွင့် ရမလား၊ play off လားကတော့ လက်ကျန် ပွဲစဉ် နှစ်ပွဲမှာ ဆက်လက် စောင့်ကြည့်ရပေလိမ့်မည်။

UEL မှာ ဦးဆောင်သူကတော့ Lyon ဖြစ်၏။ 5 ပွဲနိုင် 1 ပွဲရှုံးရလဒ်ဖြင့် အဆင့် 1 နေရာမှာ ရပ်တည်နေ၏။ Aston Villa အသင်း အနေဖြင့်ကလည်း ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အဆင့် 3 နေရာမှာ ရပ်တည်နေ၏။ Man United ကစားသမားဟောင်း Antony ၏ Real Betis အသင်းကတော့ အဆင့် 4 နေရာမှာ ရပ်တည်နေ၏။ အဆင့် 1,2,3 တို့နှင့် 1 မှတ်သာ ကွာလေ၏။ UEL မှာက ဇယားထိပ်မှ အလယ်ထိ အသင်းတွေ အမှတ် ကွာဟချက် သိပ်မရှိကြပေ။

UECL မှာတော့ ပြင်သစ်ကလပ် Strasbourg အသင်းက 5 ပွဲကစားပြီးချိန်မှာ 4 ပွဲနိုင် 1 ပွဲ သရေ ရလဒ်ဖြင့် အဆင့် 1 နေရာမှာ ရပ်‌တည်နေ၏။ EPL မှ Crystal Palace ကတော့ အဆင့် 9 နေရာမှာ ရပ်တည်နေပြီး Round of 16 တိုက်ရိုက် ဝင်ခွင့်အတွက် လက်ကျန် ပွဲစဉ်တွေကို သေချာကစားဖို့ လိုမည် ဖြစ်၏။

ကြားရက်‌တွေမှာ ဥရောပ ပွဲစဉ်တွေ ပြီးနောက် ပိတ်ရက်မှာ သက်ဆိုင်ရာ လိဂ်ပွဲစဉ်တွေ ပြန်လည်လို့ ကစားမည် ဖြစ်၏။ ပျင်းချိန်ကို မရလိုက်ပေ။ ပျင်းဖို့ နေနေသာသာ ကိုယ့်မှာက ကြည့်ချိန်ကို မရနေခြင်း ဖြစ်လေ၏။

(photos from UCL page)



0
0
0.000
0 comments