ဆက်ကာ ရွာ

မနေ့က ခပ်ဖွဲဖွဲသာ ရွာသည့် မိုးက ဒီနေ့မှာ မနက် ဝေလီဝေလင်း ကတည်းက ရွာနေခဲ့၏။ လင်းအားကြီး ကတည်းက ရွာနေတာ ဆွမ်းတော် ကြွချိန်ထိပင်။ အိမ်ထိ ကြွသည့် ကိုရင်လေးတွေကတော့ ကြွ၏။ ကိုရင်လေးတွေက မိုးရွာလည်း ထီးတွေနှင့်ကြွလေ့ ရှိ၏။ သံဃာတော်တွေကတော့ မိုးရွာရင် ကြွလေ့ မရှိပေ။
မနေ့က မိုးမရွာ ပေမယ့် ကိုရင်လေးတွေ မကြွပေ။ ဒီနေ့တော့ ကြွ၏။ မနေ့က ဘာလို့ မကြွသလဲ မေးတော့ မနေ့က ကျောင်းမှာ ကိုရင်ကြီးတွေ စာဖြေသွားကြတော့ ကျောင်းစောင့် အနေဖြင့် နေပေးရသောကြောင့် မကြွ ဖြစ်ခြင်း ဖြစ်၏။ ဒီနေ့ ကိုရင်တွေ ကြွကြ ပေမယ့် သံဃာတော်တွေကမူ မကြွကြပေ။ ဆွမ်းတန်း သံဃာတော်တွေ ကြွခါနားနီးမှ မိုးက ရုတ်တရက် ရွာချလာသောကြောင့် ဖြစ်၏။

လကွယ်နေ့မို့ ဆွမ်းဟင်းလောင်းဖို့ သေချာ ပြင်ဆင် ချက်ပြုတ်ထားခါမှ မိုးက နှောင့်လေတော့၏။ ကိုရင်လေးတွေကို လောင်းလှူ လိုက်ရလို့ တော်သေးသည်ဟု ပြောရပေလိမ့်မည်။ သောကြာနေ့မှပဲ ဆွမ်းတန်း သံဃာတော်တွေကို ဆွမ်းအပြင် ဆွမ်းဟင်း ထပ်လောင်းလှူ ဖြစ်ပေတော့မည်။ လပြည့် လကွယ်နှင့် အပတ်စဉ် သောကြာနေ့တိုင်း ဆွမ်းဟင်း လောင်းလှူ ဖြစ်၏။ ကျန်ရက်တွေမှာတော့ ဆွမ်းပဲ လောင်းလှူ၏။
ဒီနေ့ ကျနော်တို့ Futsal အသင်းမှ ညီလေး တယောက်က အလှူ ဖိတ်ထား၏။ သူ၏ အိမ်မှာ ဖြစ်၏။ ကြက်သားနှင့် ဒံပေါက် ဖြစ်၏။ ကျနော်တို့ လူစုပြီး သွားကြ၏။ လူကုန်တော့ မဟုတ်ပေ။ အားတဲ့သူတွေသာ စုပြီး သွားဖြစ်ကြခြင်း ဖြစ်၏။ ထိုညီလေး အိမ်က မနှစ်ကလည်း ကျွေးသေး၏။ မနှစ်ကတော့ ထမင်းနှင့် ဟင်း ဖြစ်၏။
ကျနော်တို့လည်း တက်ညီလက်ညီ အားပါးတရ စားကြ၏။ ဒံပေါက် စားပြီး အချိုပွဲပါ ဆက်စား ကြ၏။ ထို့နောက် အခြား သူငယ်ချင်း တယောက် အိမ်မှာ စုပြီး ဂိမ်းကစားကြ၏။ မိုးကလည်း အေးတော့ ဘယ်မှ မသွားကြတော့ဘဲ ခုလို စုပြီး ဂိမ်း ကစားကြခြင်း ဖြစ်၏။