ဆက်၍ ရွာသည့် မိုး

မနေ့က မိုးရွာကြောင်း ရေးမိတာ။ ညဘက်ရောက်တော့ သဲကြီး မဲကြီးနဲ့ကို ရွာချလေတော့၏။ မနေ့က ခဏပဲ ရွာလိုက်တော့ မနက်ပိုင်း တဖြတ်လေးပဲ ရွာမယ် ထင်ခဲ့တာကိုး။ မဟုတ်ပေ။ နေ့လည်ခင်းမှာလည်း ရွာ၏။ ညနေခင်းမှာလည်း ရွာ၏။ ညဘက်မှာလည်း ရွာ၏။ ရွာတာမှ သဲသဲမဲမဲကို ရွာတာ။ တကယ့်ကို မိုးရာသီကြီး ကြနေတာပဲ။ နေ့လည်ခင်းနဲ့ ည‌နေဘက် ရွာတာကတော့ ကိစ္စ မရှိပေ။ ကျနော်က အဲ့အချိန် အိမ်မှာကိုး။ ညဘက် ရွာတော့ အဆင်မပြေတော့ပေ။

သင်္ကြန်တွင်းပေမယ့် ကျနော်တို့ သူငယ်ချင်းတွေက ရေကစားတာမျိုး မရှိကြပေ။ လတ်တလော ဘေးကြီး ကြုံတွေ့ထားရလို့ ကိုယ်ချင်းစာသည့် သဘောမျိုးလားဆိုတော့ အာဏာသိမ်း ကာလ ကတည်းက ရေ မကစားကြ၊ မလည်ပတ်ကြခြင်း ဖြစ်၏။ အာဏာသိမ်း ကာလ မတိုင်ခင်တုန်းကတော့ ကျနော်က သင်္ကြန် မလည်ပေ။ ရေချိုးရတာ ကြိုက်နှစ်သက်ပေမယ့် ရေစို တာမျိုးကိုတော့ မကြိုက်ပေ။ အဝတ်တွေနဲ့ ရေစိုပြီး နေနေရတာက အဆင်မပြေပေ။

တောင်ပေါ်ဒေသလည်း ဖြစ်နေတော့ ပိုအေးတာလည်း ပါ၏။ အေးပါတယ်ဆိုမှ ရေခဲရေနဲ့ ပတ်၏။ ပြီး ဇကောတွေနဲ့ ယပ်ခတ်ပေးကြသေး၏။ မြို့တပတ် မဟုတ်၊ မြို့တဝက်နဲ့တင် ချမ်းလို့တုန်နေပြီ ဖြစ်၏။

ရေမကစား ဖြစ်တော့ Futsal ကန်ပေါ့။ အမှန်တော့ Futsal ကွင်းက အခါတွင်း ပိတ်၏။ ကျနော်တို့က တောင်းဆိုလို့ ကွင်းက ညီလေးက ဖွင့်ပေးခြင်း ဖြစ်၏။ အရင်လို ညနေဖက်ပေါ့။ ရေကတော့ ပတ်နေသေး၏။ မိုးကာ ဝတ်ပြီး သွားပေါ့။ ရေစိုမှ မခံချင်ဘဲကိုး။ ကန်နေတုန်း မိုးရွာ၏။ နာရီဝက်လောက် နေတော့ တိတ်သွား၏။ ရေချိုး၏။ ခေါက်ဆွဲ ပြုတ်စား၏။ ပြီးပြန်၏။

အိမ်နား ရောက်ခါနီးမှာ မိုး ထပ်ရွာ၏။ တော်တော်ကြီး၏။ ရောက်ခါနီးမို့ မိုးကာလည်း ထုတ်မဝတ်နေတော့ပေ။ အဆိုပါ ခဏလေးကို လူ တော်တော်စိုသွား၏။ သင်္ကြန်ရေ သိပ်မစို လိုက်ရပေမယ့် သင်္ကြန်မိုး မဟုတ်သည့် သင်္ကြန်တွင်း ရွာသည့်မိုးကြောင့် စိုလို့ ရွှဲရလေတော့၏။



0
0
0.000
0 comments