မိုးရေ မိုးရယ်

မိုးသည် မနေ့က တနေ့ကုန် ရွာ၏။ မနက် ကျနော် အိပ်ရာထချိန် ကတည်းက ရွာနေခဲ့ပြီး ဖြစ်၏။ ထိုထက် စောပြီး ရွာနေတာလည်း ဖြစ်နိုင်၏။ မနက် အစောကြီး ကတည်းက မနားတမ်း ရွာနေခြင်း ဖြစ်၏။ မိုးရွာသဖြင့် ဆွမ်းတန်း သံဃာတော်တွေ ဆွမ်းခံ မကြွပေ။ အိမ်သို့ ဆွမ်းခံကြွသည့် ကိုရင် နှစ်ပါးကတော့ ကြွ၏။ ဒီနေ့လည်း ကြွ၏။ ထီးဆောင်းပြီးတော့ပေါ့။

ကိုရင်လေးတွေက နှစ်ပါးထဲ ဆိုတော့ ထီးဆောင်းပြီး ကြွလို့ အဆင်ပြေသေး၏။ ဒါတောင် မိုးမိပြီး စိုရွှဲနေသေး၏။ မိုးက တောက်လျောက်ကြီး ရွာနေသည်ကိုး။ မိုးရွာသည့် အပြင် ရာသီဥတုကပါ ချမ်းစိမ့်စိမ့်နဲ့ အတော်လေး အေးလှ၏။ မိုးတွေ ရွာနေသည့် ရက်မှ ကိုရင်တွေက 6 နာရီဆို အိမ်ရှေ့ ရောက်နေပြီ။ ယခင်က 6 နာရီခွဲလောက်မှ အိမ်ရှေ့ ရောက်လေ့ ရှိ၏။ မိုးကရွာ ဆွမ်းခံကြွချိန်က စောသဖြင့် ဆွမ်း၊ ဆွမ်းဟင်း လည်း သိပ် မရပေ။

အနည်းငယ် နောက်ကျမှ ကြွရင်တော့ ဆွမ်း၊ ဆွမ်းဟင်း အပြည့် ဖြစ်နေလေ့ ရှိ၏။ ဒီနေ့ဆို သပိတ်ထဲ ဆွမ်းက နည်းနည်းလေးရယ်။ မိုးရွာတာရော အချိန်စောသွားလို့ရော ပါမည်ထင်။ ဒါတောင် ဒီရက်ပိုင်း မီးက အချိန်အများကြီး ပေးထား၊ လာနေသည်ဟု ပြောလို့ရ၏။ ဆွမ်း၊ ဆွမ်းဟင်း ချက်ပြုတ်ချိန် ကောင်းကောင်းရ၏။ ဆွမ်းထလောင်းသူတွေထက် လူငယ်တွေထက် သက်ကြီးပိုင်းတွေက ပိုများတော့ မိုးရွာပြီး ရာသီဥတုအေးသဖြင့် တချို့တွေ မနက်အစော မထနိုင်ကြပေ။ ထို့ကြောင့်လည်း ဆွမ်း၊ ဆွမ်းဟင်း နည်းခြင်း ဖြစ်မည်။

ဆွမ်းတန်း ကြွခါနီးအချိန်လောက် မိုးတိတ်ရင်တော့ သံဃာတော်တွေ ဆွမ်းခံကြွလေ့ ရှိ၏။ တခါတလေ ကြွခါနီးမှ မိုးရွာလာရင်လည်း မကြွတော့ပေ။ ဆွမ်းတန်း သံဃာတော်တွေ မကြွတော့ဘဲ ဆွမ်းဂျိုင့်ကိုရင်တွေသာ ထီးဆောင်း၍ ဆွမ်းဟင်းပဲ လက်ခံလေ၏။ တခါတလေကြ ဆွမ်းခံကြွနေရင်း မိုးရွာလေ့ ရှိပြန်သေး၏။ ထိုအခါ မိုးရွာထဲ ကြွကြရုံသာ။

ဒီရက်ပိုင်းကတော့ မကြွသေးတာဘဲ ကောင်း၏။ ရာသီဥတုက အေးတော့ မိုးပါ မိလိုက်ရင် သံဃာတော်တွေ နေထိုင်မကောင်း ဖြစ်နိုင်၏။ စာသင် သံဃာတော်တွေဆိုတော့ နေထိုင်မကောင်းက စာဝါလိုက် ပျက်ကွက်တာ၊ နောက်ကျတာတွေ ဖြစ်နိုင်၏။ ပစ္စည်း လေးပါး အလှူရှင် တယောက် မဖြစ်နိုင်သေးပေမယ့်လည်း ဆွမ်း၊ ဆွမ်းဟင်းကိုတော့ နိုင်သလောက် လောင်းလှူ ဖြစ်ပါ၏။ သာသနာ အတွက် အထောက်အပံ့ အနည်းငယ် ဖြစ်ဖြစ်၊ ပြီး သံသရာမှာ မိမိအတွက်လည်း အထောက်အကူ ဖြစ်စေနိုင်သည် မဟုတ်ပါလား။ သေရင် ကိုယ့်နောက်ပါမှာ ဆိုလို့ ကုသိုလ်၊ အကုသိုလ်သာ ရှိ၏။ အကုသိုလ် နည်းနိုင်သမျှ နည်းအောင် နေထိုင်ရင်း ကုသိုလ်ကောင်းမှုကို ရသလောက် လုပ်သွားဖို့သာပင်။



0
0
0.000
5 comments