မိုးရယ်

ကိုရင်တွေ ဆွမ်းခံ ပြန်ကြွပြီ ဖြစ်၏။ သင်္ကြန် မတိုင်ခင် ကတည်းက မကြွခြင်း ဖြစ်၏။ အခါရှေ့မှာ ရွာပြန်ကြမှာမို့ ၁၂ ရက်လောက် မကြွဘူးဟု ကိုရင်တွေက မှာသွားခဲ့၏။ တကယ်တမ်းက ၁၂ ရက်မကဘဲ ကြာသွားခဲ့၏။ ရက်ပေါင်း ၂၀ လောက် ကြာမှပဲ ပြန်ကြွ ဖြစ်လေ၏။ ကိုရင်တွေက အိမ်အထိ ဆွမ်းခံကြွခြင်း ဖြစ်၏။ ကိုရင် နှစ်ပါး၊ ဆွမ်း သပိတ်နဲ့ ဆွမ်းဟင်းချိုင့်နဲ့ပေါ့။

ဆွမ်းတန်း သံဃာတော်တွေကတော့ နှစ်အိမ်ကျော် လမ်းကြားကနေ ကြွ၏။ အဆိုပါ ဆွမ်းတန်းနှင့် ကိုရင် ဒီနှစ်ခုကို ဆွမ်းလောင်းလှူ ဖြစ်၏။ ဆွမ်းတန်းကတော့ သင်္ကြန်တွင်းလည်း ကြွ၏။ အကြောင်းတစုံတရာကြောင့် မကြွဖြစ်ရင်လည်း ဦးဇင်းတွေ ကိုရင်တွေက ကြိုတင်ပြောခဲ့လေ့ ရှိ၏။ နက်ဖြန် ကျောင်းမှာ အလှူရှိလို့ မကြွ ဖြစ်ရင် ဒီနေ့ကတည်းက ကြိုပြော ပေးလေ့ ရှိ၏။

ဆွမ်းကိုတော့ နှစ်ကျောင်းလုံးကို လောင်းလှူ၏။ ဆွမ်းဟင်းကိုတော့ ကိုရင်တွေကိုသာ လောင်းလှူနိုင်၏။ သင်္ကြန်တွင်းမှာ ကိုရင်တွေ မကြွတော့ ဆွမ်းဟင်းကို ဆွမ်းသံဃာတန်းကို လောင်းလှူ ဖြစ်၏။ နှစ်ကျောင်းလုံးကို ဆွမ်းဟင်း လောင်းလှူ ချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မလောင်းလှူနိုင်ပေ။ ခက်တာက ကိုရင်တွေ မကြွသဖြင့် ဆွမ်းတန်း သံဃာတော်တွေကို ဆွမ်းဟင်း လောင်းလှူ ဖြစ်လိုက်တာ ခု ကြွနေကြ ကိုရင်တွေက ပြန်ကြွပြီကိုး။ ဆွမ်းတန်း ဆွမ်းချိုင့်ကိုင် ကိုရင်က အိမ်ဘက်ကို လှမ်းကြည့်နေတာ မြင်တော့ စိတ်ထဲ မကောင်းပေ။

ဆွမ်းတန်းကြွသည့် ကျောင်းကိုလည်း အမြဲ မဟုတ်တောင် တပတ်ကို နှစ်ရက်လောက် ဆွမ်းဟောင်း လောင်းလှူရန် အမေ့ကို ပြောထား၏။ ချက်ရေး ပြုတ်ရေး အမေ အဆင်မပြေဘူး ဆိုရင်လည်း ကျနော် ချက်တတ်သလောက် ချက်မယ် ပြောလိုက်၏။ အမေကတော့ အဆင်မပြေဘူးလို့ ပြောမည် မဟုတ်ပေ။ တပတ် နှစ်ရက်ရယ် ပြီး လပြည့်၊ လကွယ်ရယ်ပေါ့။

ကိုရင်တွေ ပြန်ကြွပြီမို့ ဘေးအိမ်က ခွေးတွေလည်း အလုပ် ပြန်ရကြလေပြီ။ ဟောင်ရ ပြုရ ဦးမည် မလား။ ပြန်ကြွသည့် ပထမရက် ကတည်းက သူတို့ ဟောင်ကြပြီး ဖြစ်၏။ ဒီနေ့ မနက်တော့ မဟောင်ပေ။ မိုးအေး မိုးရွာသောကြောင့် ဒီကောင်တွေ မထဘဲ အိပ်နေကြ၏။ မိုးက ဆွမ်းခံကြွနေရင်း တန်းလန်းကြီးမှာ ထရွာလေ၏။ အင်း သံဃာတွေ၊ ကိုရင်တွေ မိုးမိကြပေလိမ့်ဦးမည်။



0
0
0.000
3 comments
avatar

မနက်ခင်းပိုင်း မိုးရွာတာ အဆင်မပြေဘူးရယ်။
!LOLZ
!MEME

0
0
0.000