မနက်ခင်း တခု
ဒီနေ့မနက် ဆွမ်းတော်တင် ဆွမ်းလောင်းဖို့ အမေ ကျနော့်ကို မနှိုး။ ကျနော်က အမေ့ကို နှိုးရ၏။ ဖြစ်ပုံက ဒီလို။ ဒီမနက် ၆ နာရီ ၁၅ မိနစ်လောက် ကျနော့်အဒေါ်က ကျနော့်ကို လာနှိုး၏။ အဒေါ်က တဝိုင်းထဲမှာပဲ အိမ်တလုံး သက်သက်မှာ နေခြင်း ဖြစ်၏။ ၆ နာရီမထိုးခင် အမေက မီးဖိုခန်းရောက်ပြီး ဆွမ်းတော်တင်ရန် ဟင်းနွှေးနေကြ ဖြစ်၏။ အမေက အပေါ်ထပ်မှာ အိပ်ပြီး ကျနော်က အောက်ထပ် မီးဖိုခန်းဘေး ကပ်ရပ်အခန်းမှာ အိပ်၏။ အဒေါ်က အမေ့ကိုလည်း မတွေ့ နှိုးကြည့်တာလည်း မရသဖြင့် ကျနော့်ကို လာနှိုးခြင်း ဖြစ်၏။
အဒေါ်က ကျနော့်ကို နှိုးပြီး အမေ့ကို နှိုးလို့မရနေကြောင်း ပြော၏။ ရုတ်တရက် လန့်သွား၏။ အမေက ထိုသို့ ဖြစ်လေ့ မရှိပေ။ မနက်ခင်း ပြုဖွယ်ကိစ္စတွေကို ဘယ်တော့မှ အ(ပျက်) ပြတ်မခံပေ။ သို့နှင့် သွားနှိုးကြည့်၏။ သုံးလေးငါးခွန်း ခေါ်ကြည့်၏။ မရ။ လူက လန့်နေပြီ။ ထို ခဏလေး အတွင်းမှာ အတွေးတွေက ဗြောင်းဆန်နေပြီ။
အမေ မနိုးလာဘဲ အမနိုးလာ၏။ အမက အပေါ်ထပ် တခြားအခန်းမှာ အိပ်၏။ တံခါးလာဖွင့်ပေးဖို့ ကျနော် လှမ်းပြောလိုက်၏။ သူ တံခါးဖွင့်ရင် ဖွင့်ချင်း အမေ့ အခန်းထဲ ကျနော် ဝင်သွားလိုက်၏။ ခြင်ထောင်ကို အသာ မ၏။ စိုးရိမ် ပူပန်မှုတွေ ပြည့်နေခဲ့၏။ ကြောင့်ကြမဲ့စွာ အိပ်ပျော်နေသည့် အမေ့ကို မြင်မှဘဲ ပူပန်မှုတို့ လျော့သွားခဲ့၏။ အမေ့ကို မနှိုးနေတော့ဘဲ လုပ်စရာ ရှိတာများကို လုပ်လိုက်၏။ မနှိုးပေမယ့် ၁၅ မိနစ်လောက် နေတော့ သူ့သူ နိုးထလာ၏။ အိပ်ပျော်သွားကြောင်း အဒေါ့်ကို ပြောပြနေ၏။ အမေကသာ ပေါ့ပေါ့ပါးပါး ပြောနေတာ ကျနော့်မှာက စိုးရိမ်ပူပန်နေခဲ့ရ၏။
အဖေ မရှိသည့်နောက် ကျနော်တို့မှာ အမေသာ ကျန်သည် မဟုတ်လား။ အမေ့ကို ကိုယ်အားဖြင့် ချမ်းသာအောင် မထားနိုင်သေးပေမယ့် စိတ်အားဖြင့် ချမ်းသာအောင်တော့ တတ်နိုင်သမျှ ကြိုးစား၏။ ဂရုစိုက်၏။ အိမ်မှု ကိစ္စများ အမေ့ကို ကူလုပ်ပေး၏။
အသက်အရွယ်အရ အကျပိုင်း ရနေပြီမို့ အမေ အရင်လို၊ အရင်လောက် မသွက်လက်နိုင်တော့ပေ။ သွားလာဖို့ တုတ်ကောက်သုံးနေရ၏။ အထိုင်အထ ခက်၏။ ဒူးတွေ မကောင်းတော့ပေ။ ပြီးခဲ့သော နှစ်က လေဖြတ်နိုင်သည့် လက္ခဏာတွေ ပြလာလို့ အပြေးအလွှား ဆေးရုံတင်ရသေး၏။ ဆေးရုံ ဆင်းပြီးနောက် အမေ့ အခြေအနေကို သတိထား စောင့်ကြည့်၏။
အဖေနဲ့ အမေက ကျန်းမာရေး ကောင်းသည်ဟု ပြောလို့ရ၏။ အဖေလည်း ဆုံးသာ ဆုံးသွားတယ် ကြီးကြီးမားမားတော့ ဝေဒနာ မခံစားလိုက်ရပေ။ အမေလည်း ထို့အတူပင်။ ကျနော့် တသက် အမေ ဆေးရုံတက်ရတာ ဒီတခါသာ မြင်ဖူး၏။ ဘုရားတရား လုပ်တော့ သူ့သီလ သူ့ကို ပြန်စောင့်ရှောက်တယ် ထင်ပါရဲ့။
ဘာပဲပြောပြော ဒီနေ့ မနက်ခင်းမှာတော့ အတော်လေး လန့်သွားခဲ့၏။ တချိန်ချိန် ဆိုပေမယ့်လည်း ထိုတချိန်ချိန်ကြီးကို မရောက်လာစေချင်ပေ။ ကိုယ်မရောက်စေချင်လည်း အချိန်တန်ရင်တော့ လာမှာပဲလေ။ ကြိုတင် ပြင်ဆင်ဖို့ တွေးထားပေမယ့် တကယ်ကြုံလာရင် ခံစားနိုင်မည် မဟုတ်ပေ။ အမေ အရင် မဟုတ်ဘဲ ကျနော် အရင်လည်း ဖြစ်သွားနိုင်သည် မဟုတ်လား။ သေခြင်းတရားက ကြီးသည် ငယ်သည် ချမ်းသာသည် ဆင်းရဲသည် ကျန်းမာသည် မကျန်းမာသည် ခွဲနေသည်မှ မဟုတ်တာ။ ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီသာ။
အမေ လို့ ခေါ်ရတာ အားတမျိုးပ။
!PIZZA
!MEME
Credit: shaungerow
Earn Crypto for your Memes @ HiveMe.me!
အမှန်ပါပဲဗျာ။
$PIZZA slices delivered:
@htwegyi(1/10) tipped @donjaun
Come get MOONed!
ရှောင်လွဲလို့မရသော ဒီတရားကို ကျွန်တော်တို့လူသားတွေ လက်မခံချင်ပဲ လက်ခံနေရတယ်။ တရုတ်ကတော့ လူတွေ ထာဝရရှင်သန်နိုင်အောင် ကြိုးစားနေတယ်တဲ့။