မကြည့်ဘဲလည်း မနေနိုင်
EPL Round 3 ကတော့ တဖန် ပြန်လည် ရောက်ရှိလို့ လာခဲ့ပြီ ဖြစ်၏။ ဒီ စနေနေ့မှာ ပွဲစဉ် 6 ပွဲ ကစားသွားဖို့ ရှိနေ၏။ United အသင်း၏ ပွဲစဉ်လည်း ပါဝင်နေ၏။ မည်သို့ပင် စိတ်ဒုက္ခတွေ ပေးပေး၊ အချိန်တန်တော့လည်း မနေနိုင်ပေ။ ချစ်မိနေတော့လည်း ဆက်လက်၍ အားပေးရုံသာ။ အိမ်ကွင်းမှာ Burnley အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ ကြားရက် EFL Cup ပွဲစဉ်မှာ League Two က Grimsby Town ကို ပင်နယ်တီမှာ ရှုံးနိမ့်ပြီး အရှက်ကွဲခဲ့တဲ့ United တို့ ယခု ပွဲစဉ်မှာ မဖြစ်မနေ နိုင်ပွဲ ရယူဖို့ လိုပြီ ဖြစ်၏။
Burnley နဲ့ ပွဲကိုပါ အနိုင် မယူနိုင်ခဲ့ရင် အသင်း၏ စိတ်သည် ဟိုးအောက်ထိ ပို၍ ကျသွားနိုင်၏။ ရာသီ အဖွင့်ကို အရှုံးနဲ့ စခဲ့ရသည် ဆိုပေမယ့် ခြေစွမ်းကောင်းနေသေးသည်ပေါ့လေ။ အဆိုပါ ခြေစွမ်းက Arsenal နဲ့ ပွဲမှာပဲ မြင်လိုက်ရပြီး နောက် နှစ်ပွဲမှာတော့ ဒုံရင်း ဒုံရင်း ပြန်ဖြစ် သွားခဲ့လေ၏။ မနှစ်က United ကို ပြန်တွေ့ရ၏။ လူသစ်တွေ ခေါ်ထားပြီး မနှစ်လို ပုံစံမျိုးပဲ ဆိုရင် ဘာလုပ်ရမှာလဲ။
ကစားကွက်နဲ့ အံဝင်သည့် ကစားသမား ထပ်မံ လိုအပ်နေသေးသည် ဆိုရင်လည်း ဒီလကုန် အပြောင်းအရွှေ့ ရာသီ မပိတ်ခင် ခေါ်ထားဖို့ လိုမည်။ ဥရောပပြိုင်ပွဲတွေ မကစားရလို့ ပြည်တွင်း ဖလားတွေ ပိုအာရုံစိုက်ကြမလားဆို စောစောစီးစီး EFL Cup ကနေ ထွက်ရပြီ။ EPL ကို အာရုံစိုက်မယ်ဆိုရင် လက်ရှိ ခြေစွမ်း၊ လက်ရှိ ကစားပုံနဲ့တော့ မဖြစ်သေးပေ။ ပြုပြင် ပြောင်းလဲ ရပေလိမ့်ဦးမည်။ ရှေ့ရက်က ပိုစ့်မှာ ပြောခဲ့သလို အချိန် မလွန်ခင်လေးပေါ့။
Ronaldo ၏ Al Nassr ကတော့ Saudi Arabia Pro League အဖွင့်ပွဲကို ဂိုးပြတ် အနိုင်နဲ့ စဖွင့်ခဲ့၏။ Al-Taawoun ကို အဝေးကွင်းမှာ 0-5 ဖြင့် အနိုင်ရခဲ့၏။ Ronaldo တဂိုးသွင်း၏။ ဒီရာသီမှ ခေါ်ထားသည့် Joao Felix က hat-trick သွင်းယူသွားခဲ့၏။
Saudi Arabia Pro League ကို Ronaldo ရောက်လာပြီး နောက်မှာ ပုံရိပ်ရှိ၊ မြင့်တဲ့ ကစားသမားတွေ တဖွဲဖွဲ ထပ်မံ ရောက်ရှိလာခဲ့၏။ Saudi League ကို လူတွေ ပိုမို စိတ်ဝင်စားလာကြ၏။ ရုပ်သံ ကြည့်ရှုသူ ယခင်ထက် ပိုမို များပြားလာခဲ့၏။ Saudi ကစားသမားတွေ အတွက် ကမ္ဘာ့ အဆင့် ကစားသမားတွေ နှင့်အတူ ကစားခွင့်ရကာ အတွေ့အကြုံတွေ ပညာတွေ ရယူနိုင်၏။ တဖက်က ကြည့်ပြန်တော့ ပြည်ပ ကစားသမားတွေ ပိုမို နေရာယူထားပြီး ပြည်တွင်း ကစားသမားတွေ အတွက် ပုံမှန် ပွဲထွက်ခွင့် ခက်ခဲလာခဲ့၏။
ပြည်တွင်း ကစားသမားတွေကသာ မိမိနေရာ တခုရရန် တိုက်ပွဲ မဝင်ကြဘူးဆိုရင်တော့ Saudi League က နိုင်ငံ အသင်း အတွက် အထောက်အကူ ဖြစ်လာနိုင်မည် မဟုတ်ပေ။ Al Nassr အသင်းပွဲကိုပဲ ကြည့်။ ပထမ ပွဲထွက် လူစာရင်းမှာ Saudi နိုင်ငံသား 3 ယောက်သာ ပါဝင်ခဲ့၏။ အသင်းရှိ နိုင်ငံခြားသားတွေနှင့် အပြိုင် ပွဲထွက်ခွင့်ရဖို့ ကြိုးစားကြဖို့ လိုမည် ဖြစ်၏။
(Screenshot from PL app)