Let's Try Our Best

ဒီရက်ပိုင်း အနည်းငယ် ပင်ပန်း၏။ စိတ်ပိုင်း ဆိုင်ရာအရ တနေ့ကလောက် လေးလံမှု မရှိနေတော့ပေ။ ကိုယ်ခန္ဓာ အရတော့ ဒီတပတ်လုံးအပြင် နောက်တပတ်အထိ ပင်ပန်းနေပေလိမ့်ဦးမည်။ 18 ရက်နေ့မှာ ကျင်းပမည့် Futsal ပြိုင်ပွဲတခုကို ဝင်ရောက် ယှဉ်ပြိုင်ရန် ကျနော်တို့ အသင်းသားတွေ လေ့ကျင့် ပြင်ဆင်နေသောကြောင့် ဖြစ်၏။ ပုံမှန်က တပတ်ကို 3 ရက် Futsal ကစားကြ၏။ ခုက ပြိုင်ပွဲရှိနေသောကြောင့် Training လည်း ရအောင်ဆိုပြီး နေ့တိုင်း ကစားကြ၏။

ပုံမှန်ရက်တွေမှာတော့ အသင်းသားအကုန် ကစားကြ၏။ ကြားရက်တွေမှာတော့ ပြိုင်ပွဲဝင်မယ့်သူများသာ သီးသန့် Training သဘောလိုမျိုး အခြားအသင်းများနှင့် ခြေစမ်းလေ့ကျင့်တာမျိုးတွေ လုပ်ဖြစ်ကြ၏။ 18 ရက်နေ့ဆိုတော့ ရက်အားဖြင့် သိပ်မလိုတော့ပေ။ ထို့ကြောင့်လည်း အသင်းသားတွေ စုစုစည်းစည်းနဲ့ သေချာလေး အားစိုက် ကစားနေကြခြင်း ဖြစ်၏။

အသက်အရွယ် တခု ရောက်လောသဖြင့် ငယ်တုန်း ရွယ်တုန်းကလောက်တော့ သွက်လက်မှု မရှိနေတော့ပေ။ အမောခံနိုင်မှု အပိုင်းမှာကောပေါ့။ ယခင်က တိုက်ကွမ်ဒို လေ့ကျင့်ဖူးခဲ့သည့် အရှိန်လေး ရှိနေသေးသဖြင့် ဆင်ပိန်လည်း ကျွဲလောက်တော့ ကျန်နေပါသေး၏။ မည်သို့ပင် ဆိုစေ လုပ်နိုင်တုန်းလေး လုပ်ချင်တာကို လုပ်နိုင်သလောက် လုပ်ကြည့်ချင်ပါသေး၏။

အပျော်တန်း အသင်းလေးမလို့ ယခုပြိုင်ပွဲမှာ ကြီးကြီးမားမား မျှော်မှန်းချက်ကြီးတော့ မထားပေ။ အားလျော့ရန်ကောဟု မေးချင်စရာ။ အလွတ်တန်း ပြိုင်ပွဲမို့ ပြည်နယ်လက်ရွေးစင်အဆင့် ကစားသမားတွေပါ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်၏။ ထို့ပြင် အခြား နာမည်ကြီး ကလပ်အသင်းတွေလည်း ရှိနေသေး၏။ ထိုသို့ပြောနေလို့ မကန်ခင်က အားမရှိတော့ဘူးလားဟု မထင်စေချင်။ ကျနော်တို့ တသင်းလုံး အကောင်းဆုံး ကြိုးစား ကစားကြမည် ဖြစ်၏။

အပျော်တန်း အသင်းပေမယ့် ဝင်ပြိုင်တဲ့ ပွဲတိုင်း ရှုံးထွက်အဆင့်ကို တက်လေ့ ရှိ၏။ အမြင့်ဆုံး အဆင့်အနေနဲ့ တခုသော ပြိုင်ပွဲမှာ ကွာတားဖိုင်နယ် အဆင့်ထိ ရောက်ခဲ့ဖူး၏။ ယခုတခေါက် ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ် သို့မဟုတ် ဆီမီးဖိုင်နယ် အဆင့်ထိတော့ မှန်းထား၏။ နောက်ပိုင်း ကိစ္စကတော့ နောက်မှပေါ့လေ။

အုပ်စုပွဲတွေကနေ စလို့ အကောင်းဆုံး ကစားကြမည် ဖြစ်၏။ လက်ရှိ လူစာရင်းကလည်း သိပ်အကောင်းကြီး မဟုတ်နေတောင် အတော်လေး အဆင်ပြေသည့် လူစာရင်းမို့ တခုခုဖြစ်အောင် လုပ်နိုင်လိမ့်မည်ဟုလည်း ယုံကြည်ထားပါ၏။ ထို့ကြောင့်လည်း ယခုကတည်းက Training ကို အကောင်းဆုံး လုပ်ဆောင်နေခြင်း ဖြစ်ပါ၏။



0
0
0.000
0 comments