ကျန်းမာနေမှ

ဒီရက်ပိုင်း နေမကောင်း ဖြစ်သူတွေ အတော်လေး များလာနေ၏။ အိမ်မှာတင်ကို လောလောဆယ် တူလေးနဲ့ သူ့အမေ (ကျနော့် အမ) ဖျားနေ၏။ အိပ်ရာထဲ လဲသွားရလောက်အောင် ဖျားတာမျိုးတော့ မဟုတ်ပေ။ နှာခေါင်းပိတ်၊ ကိုယ်လက်ကိုက်၊ လည်ပင်းနာ အစရှိတာမျိုးပေါ့။ တူလေးကတော့ ချောင်းပါ နည်းနည်း ဆိုးချင်နေ၏။ ဒီရက်ပိုင်း ရာသီဥတု နည်းနည်း အပြောင်းအလဲ ဖြစ်သွားလို့ ဖျားတာလည်း ဖြစ်နိုင်၏။ ထို့ပြင် ငဗစ်မျိုးစိတ်သစ်ကြောင့် ဖျားတာလည်း ဖြစ်နိုင်၏။

တူလေး ထိုသို့ ဖြစ်နေတာတော့ ၂ ရက်လောက် ရှိပြီ။ ဆေးတော့ ပုံမှန် သောက်၏။ မနေ့က အမလည်း ဖျားချင်ချင် ဖြစ်နေသည် ပြော၏။ သူ့သားနားက ကူးတာဟု ဆို၏။ သားအမိ နှစ်ယောက်က အတူ အိပ်သည်ကိုး။ အဖျားကူးတာလည်း ဖြစ်နိုင်လောက်၏။

ကျနော်တောင် ရှေ့ ၄၊ ၅ ရက်လောက်က ဖျားချင်ချင် ဖြစ်လိုက်သေး၏။ ၂ ရက်ဆက်တိုက် ဆေးသောက်ယူလိုက်တော့ ပြန် အဆင်ပြေ၊ သက်သာသွား၏။ ခေါင်းနှင့် ကိုယ်လက်တွေ ကိုက်ခဲခြင်း ဖြစ်၏။ နှာစေး နှာပိတ်၊ ချောင်းဆိုး၊ လည်ပင်းနာတာမျိုးတော့ မရှိပေ။ ဆေးသောက်လိုက်တော့ သက်သာသွား၏။ ဒီရက်ပိုင်း နည်းနည်း ပင်ပန်းသွားလို့လည်း ပါမည်ထင်။ မနက် အစော ထရပေမယ့် အိပ်ချိန် ပြည့်မှီအောင် ပြန်လိုက်အိပ်နေလို့ တော်သေးသည် ဆိုရမည်။

ညဆို ၁၂ နာရီ နောက်ဆုံးထားပြီး အိပ်၏။ တခါတလေဆိုရင် အဲ့ထက်စောပြီး အိပ်ပျော်သွားလေ့ ရှိ၏။ မနက် ၆ နာရီဆို ထပြီး ဆွမ်းတော်တင်၊ ဆွမ်းလောင်းတာတွေ လုပ်၏။ တခါတလေတော့ မနက် ၄ နာရီ၊ ၅ နာရီ လောက်ကြီး နိုးနေလေ့ ရှိ၏။ ပြန်အိပ်လို့ရသည့်အခါလည်းရ၊ မရသည့်အခါလည်း မရပေ။ မနက် ၆ နာရီ ဆွမ်းလောင်းပြီးရင်တော့ ပြန်အိပ်၏။ ၇ နာရီလောက်ပေါ့။ တခါတလေ စာရေး ဖြစ်ရင်တော့ ၈ နာရီလောက်မှ အိပ်ဖြစ်၏။ ၁၀ နာရီ၊ ၁၀ နာရီခွဲလောက်ဆိုရင်တော့ အိပ်ရာထ၏။

အများအားဖြင့်တော့ အိပ်ချိန် ၆ နာရီနဲ့ ၇ နာရီကြား ရှိပါ၏။ တချို့ရက်တွေမှာ အိပ်ချိန် ၆ နာရီအောက် ရောက်သွားတဲ့အခါမျိုးလည်း ရှိ၏။ ထိုရက်မျိုး ဆိုရင်တော့ တနေ့ကုန် ခေါင်းမကြည်တော့ပေ။ ထို့ကြောင့် နောက်ပိုင်းမှာ အိပ်ချိန်မှန်ဖို့ကို ပို၍ အလေးထားဖြစ်၏။ အမေ ပြောနေကြ စကားလေး တခွန်း ရှိ၏။ အစား မမှန်တောင် အအိပ်တော့ မှန်နေမှတဲ့။ အအိပ် အစား နှစ်ခုလုံး မှန်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ အအိပ် အစား အနေ မှန်နေမှလည်း ကျန်းမာရေး ကောင်းမပေါ့။ ကျန်းမာနေမှလည်း မိမိ၏ လုပ်ငန်း တာဝန်တွေကို ကောင်းကောင်း လုပ်ဆောင်နိုင်မည် မဟုတ်ပါလား။



0
0
0.000
8 comments
avatar

ကျန်းမာရေး ဂရုစိုက်ပါဗျ။ ကျန်းမာမှ ကိုယ်ဖြစ်ချင်တာတွေ ဆက်လုပ်နိုင်မှာပါ။

!PIZZA

!LUV

!LOL

0
0
0.000
avatar

ဟုတ်တာပေါ့ဗျာ။

0
0
0.000