ကမ္ဘာကြီး ဖျားနေပြီလား။

ဆောင်းဝင်တော့ မလိုလိုနဲ့ မိုးက မပြတ်သေးပေ။ တနေ့ကုန် မဟုတ်ပေမယ့် နေ့တိုင်း နီးပါး မိုးရွာနေသေး၏။ ဖွဲဖွဲလေး မဟုတ်။ သဲသဲမဲမဲ ရွာတာ။ တချက်တချက်ဆို မိုးအပြင် လေပါ ပါသေး၏။ ပြီးခဲ့သော ရက်ကဆို နှစ်ရက်ဆက်ကို မိုးလေကြီး၏။ နာရီပိုင်းလောက်သာ ရွာသဖြင့် တော်သေးသည်ဟု ပြောရပေလိမ့်မည်။ တနေကုန်လုံးထက်စာရင် ခုလိုလေး ရွာပြီး တိတ်တာမျိုးက အဆင်ပြေသေး၏။
နွေ၊ မိုးနှင့် ဆောင်းမှာ ဆောင်းရာသီကို အကြိုက်ဆုံး ဖြစ်၏။ မိုးကတော့ သိပ်မကြိုက်သည့် စာရင်းထဲပါ၏။ ခြေခင်း လက်ခင်း မသာတာ၊ စိုစိစိုစိ ဖြစ်တာ၊ မှိုင်းမှိုင်းမှုန်ရီ ဖြစ်နေတာ၊ အဝတ်တွေ ခြောက်ဖို့ ခက်ခဲတာ အစရှိသည့် အချက်တွေကြောင့် မိုးကို သိပ်မကြိုက်ရခြင်း ဖြစ်၏။
ကိုယ် မိုး မကြိုက်ပေမယ့် လယ်ယာစိုက်ပျိုးရေးသမားတွေ အတွက် မိုးက အရေးကြီး အရေးပါလှပေ၏။ မိုးနည်းရင် အဆင်မပြေပေမယ့် မိုးများ ပြန်ရင်လည်း ကောက်ပဲ သီးနှံတွေ ပျက်စီးရလေ၏။ မိုးရာသီမှရယ် မဟုတ်ပါဘူး။ ကျန် ရာသီဥတု နှစ်မျိုးမှာလည်း အကောင်းအဆိုးက တွဲနေတာပါပဲ။

ကိုယ် ကြိုက်နေရင် လက်ခံနိုင်ပြီး ကိုယ် မကြိုက်တော့ အပြစ် မြင်စရာ ဖြစ်တာပေါ့။ အစိုးမရသည့်အထဲ ရာသီဥတုပါ ပါသည်မို့ မိမိ ဖြစ်စေချင်သည့် အတိုင်းတော့ ဖြစ်လိမ့်မည် မဟုတ်ပေ။ လူသားတွေကြောင့် ရာသီဥတုတွေ ပြောင်းလဲ ဖောက်ပြန်လာ၏။ တဖြည်းဖြည်း ယိုယွင်းလာသည့် ရာသီဥတုက ကမ္ဘာကြီးကို ချိန်းခြောက်လို့ နေ၏။
ကောင်းအောင် လုပ်တာလည်း လူ၊ ဆိုးအောင် လုပ်တာလည်း လူပဲမို့ ရာသီဥတုတွေ ပြောင်းလဲ ဖောက်ပြန်လာရခြင်းကလည်း လူသားတွေ ကြောင့်ပင် ဖြစ်၏။ ထိန်းသိမ်းသူထက် ဖျက်စီးသူက ပိုများတော့ ပိုမို၍ ပျက်စီးလာရတော့၏။ ဘယ်လိုပင် ဖာထေး ပြုပြင်ပေမယ့် အရင်အတိုင်း အရင်အခြေနေမျိုးတော့ မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် ယခုနောက်ပိုင်းမှာ သဘာဝဘေးအန္တရာယ် ဆိုတာကို ခပ်စိပ်စိပ်ကြားရ ကြုံတွေ့လာနေရ၏။ သဘာဝတရားကြီးက ဒဏ်ခတ်နေတာဟု ဆိုရမည်ထင်။ အသိတရားတွေ ရကြပြီး အချိန်မှီ ပြင်ဆင်နိုင်မယ်ဆိုရင်တော့ ကမ္ဘာကြီး အသက်ရှည်သင့်သလောက် ရှည်ပေလိမ့်မည်။ ထိုသို့မှ မဟုတ်ရင်တော့ ....
သဗ္ဗေသတ္တာ ကမ္မသကာပါလေ။
!LOLZ
!MEME
Credit: ybf
Earn Crypto for your Memes @ HiveMe.me!
ဟူး ...