Happy Birthday To Me

ယနေ့ ကျနော့် မွေးနေ့ ဖြစ်ချေ၏။ အသက် တနှစ် ကြီးပြန်လေ၏။ အသက်အရွယ်တခု ရလာတာနဲ့ မွေးနေ့နဲ့ ပတ်သက်တဲ့ အတွေးအမြင်တွေလည်း ပြောင်းလို့လာခဲ့၏။ ဟိုးအရင်ကလောက် ရင်ခုန် စိတ်လှုပ်ရှားနေတာမျိုး မရှိတော့ပေ။ ဒီအတိုင်း သာမန် နေ့ရက် တရက်လိုပါပဲ။ အရင်က မွေးနေ့ပွဲရယ်လို့ မဟုတ် ပေမယ့် ကိုယ့်မွေးနေ့မှာ သူငယ်ချင်းတွေ ဆုံကြပြီး စားကြသောက်ကြ ပျော်ကြနဲ့ပေါ့လေ။

ဒါကတော့ ကိုယ်တိုင်မှ မဟုတ် ကိုယ့်သူငယ်ချင်းတွေလည်း အဲ့လိုပါပဲ တ‌ယောက်ယောက်ရဲ့ မွေးနေ့ကို အကြောင်းပြုပြီး ဆုံကြလေသည်ပေါ့။ နောက်ပိုင်းမှာတော့ မွေးနေ့ရယ်လို့ မလုပ်ဖြစ်တော့ပေ။ သူငယ်ချင်းတွေလည်း မစုံ (မဆုံ) ကြတော့ပေ။ ကိုယ်စီ အလုပ်တာဝန်တွေနဲ့ မလား။ နို့ပေမယ့် မွေးနေ့ရက်မှာတော့ ဆုံမယ်သာ ပြောလိုက် လူတွေ သူ့သူ စုဖြစ်သွားကြ၏။

ခုနောက်ပိုင်းမှာက စိတ်ကြောင့်ပင်လားတော့ မသိ။ သူငယ်ချင်းတွေကို ယခင်လို ချစ်မြဲ ခင်မြဲ ပေမယ့် ယခင်လို တဝုန်းဝုန်း တရုန်းရုန်းကြီး မနေချင်တာလည်း ပါ၏။ အသိမိတ်ဆွေများပေမယ့် ရင်ဘတ်ချင်းနီးသည့် သူငယ်ချင်းတွေက လက်ချိုးရေလို့ရသည် မလား။ ထိုသူတွေနဲ့က မကြာခဏဆုံနေကြဆိုတော့ မွေးနေ့မို့ဆိုပြီး သက်သက်ကြီး ဆုံနေစရာ မလိုတော့ဘူးလားလို့လေ။ ဒါက ကျနော့်အတွေးသက်သက်ဆိုတော့ လက်ခံသူ၊ လက်မခံသူတော့ ရှိပေလိမ့်မည်။

လွန်လေပြီးသော ကာလတခုမှာ အမေဆေးရုံတက်ရ၏။ ထို့နောက်မှာတော့ မနက်ခင်း ဆွမ်းတော်တင်၊ ဆွမ်းလောင်းသည့် ကိစ္စကို အမေ့အား ကျနော် ကူလုပ်ပေး၏။ နေ့စဉ် ဆွမ်းလောင်းလှူရင်း အတွေးအမြင်တွေ တဖြည်းဖြည်း ပြောင်းလာခဲ့၏။ နှလုံးသွင်း အမှန်ကြီး မဟုတ်တောင် မှားတော့ မမှားတော့ပေ။ အသေ မတတ်သေးပေမယ့် အထိုက်အလျောက်တော့ နေတတ်ခဲ့ပြီ။

စီးပွားရေး လူမှုရေး ကျန်းမာရေး အားလုံး သဟဇာတ ဖြစ်အောင် မလုပ်နိုင်သေးသည့်တိုင် စိတ်ကိုတော့ အကောင်းဆုံး လေ့ကျင့် ပြင်ဆင်ထား၏။ စိတ်သာ ရှင်ဇော မလား။ စိတ်ကို အရင်ပြင်ရင်း ကျန်သည့်အရာများကိုပါ ပြင်ဆင်နိုင်ဖို့ ကြိုးစားနေပါ၏။

ပိုတည်ငြိမ် ပိုရင့်ကျက်လာသလို ပိုလည်း အပျင်းထူလာသည်ဟု ကိုယ့်ကို မြင်မိ၏။ ကျန်းမာရေးနှင့် လူမှုရေး ပိုင်းမှာ အားမနည်းပေမယ့် စီးပွားရေးပိုင်းမှာတော့ ပြင်ဆင်ရမယ့် အချက်တွေ ရှိနေသေး၏။ မိမိ ကိုယ်ကို ကောင်းအောင် နေထိုင်ရင်း ကိုယ်နဲ့ ထိတွေ့ ဆက်ဆံနေရသူတွေကို ပျော်ရွှင်အောင်ထားနိုင်ဖို့ ယခင်ကကော၊ ခုကော၊ နောင်ကော အမြဲ နှလုံးသွင်းထားပါ၏။ အငိုနဲ့စသည့် ဘဝ အငိုနဲ့ပဲ ဆုံးမှာ အမှန်ဖြစ်သော်လည်း မမေ့သော သဘောနဲ့ ဆင်ခြင်ကာ စိတ်ချမ်းသာ ပျော်ရွှင်စွာ နေထိုင်နိုင်ပါစေကြောင်း ဆန္ဒပြုလျက်။



0
0
0.000
15 comments
avatar

နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပါစေ ကိုဒွန် ရေ။
!LOLZ
!MEME

0
0
0.000
avatar

ဟုတ်
ကျေးဇူးဗျ။

0
0
0.000
avatar

ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ။ 🙏🙏🙏 !PIZZA

ယခုမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ အသက်ရှည်ကြာစွာနဲ့ ချစ်ခင်ရသူများနဲ့အတူ ဒုက္ခမျိုးစုံကို အံတုနိုင်ပါစေ 😄😄😄

0
0
0.000
avatar

ဟုတ်ဗျာ။
ကျေးဇူးပါဗျ။
🥰

0
0
0.000