ဟိုင်းယား ..... ရေးထား
ဒီရက်ပိုင်း ဘောလုံးပွဲ အကြောင်းတွေ မရေးဖြစ်။ ဘောလုံးပွဲတွေက ရှိပါရဲ့၊ ကျနော်ကကို မရေးဖြစ်နေတာပါ။ နက်ဖြန်တော့ EPL ပွဲစဉ်တွေ ရှိ၏။ Week 25 အဖြစ် ကစားကြမည် ဖြစ်၏။ နက်ဖြန်တော့ ဘောလုံးပွဲ အကြောင်းရေးမည်။ ဒီနေ့တော့ ရောက်တက်ရာရာတွေ ပြောပါဦးမည်။ ခွင့်ပြုပေးကြပါကုန်။
ဘောလုံးပွဲနှင့် ပတ်သက်သည့် ပိုစ့်တွေကိုတော့ Football on Hive Community မှာ တင်ဖြစ်၏။ အစပိုင်းကတော့ English & Myanmar နှစ်မျိုးလုံးနှင့် တွဲတင်၏။ English skill ကောင်းလွန်းနေလို့ရယ် မဟုတ်ပေ။ vote လေး ဘာလေးများ ပိုရလာလေမလားဆိုပြီး။ ခုတော့ မြန်မာလိုသာ တင်ဖြစ်တော့၏။ ပျင်းတဲ့ကောင်ကတော့ ပျင်းကို ပျင်းနေမှာပင်။ English စာလေး ပြန်လေ့လာဖြစ်ပြီး အနည်းငယ် တိုးတက်လာလည်း မခါးဟု မတွေးဘဲ အပျင်းထူနေ ပြန်၏။ ကိုဟင် သိက ကဒွန်သည် ၁၂ ရာသီ ပျင်းနိုင်သူဟု ဆိုမည် ထင်၏။
ခုရက်ပိုင်း ဘောလုံးပွဲ အကြောင်းမဟုတ်သည့် အကြောင်းအရာ အချို့ကို ရေးဖြစ်၏။ တချိန်မှာ တင်ဖို့ရယ် ဆိုပြီးတော့ပေါ့လေ။ အရင်လို ဆက်ရက်စာ တပတ်စာရယ် မဟုတ်သေးပေမယ့် ၃၊ ၄၊ ၅ ရက်စာ အတွက်တော့ ရေးထားဖြစ်ပြီ ဖြစ်၏။ အမယ် တင်ကြိုရေး အားထုတ်မှုတွေ မရှိတာကနေ ဘယ်ကနေ ဘယ်လို ပြန်များ ရေးဖြစ်သနည်း မေးက ကျနော့် အဖြေ ကြားက ရယ်သွမ်းသွေးကြလေမလား မသိ။ မတော်တဆ ပြေးရလွှားရပါက ကြိုရေးထားသည့် စာ မရှိပါက Hive မှာ ပိုစ့် တင်မရမည် စိုးသောကြောင့် ဖြစ်၏။
ငဗစ် ကာလမှာတုန်းကတောင် စာရေးချင်စိတ် အတော်လေး ရှိ၏။ ငစစ် ကာလမှာတော့ စာရယ်မှ မဟုတ်၊ ဘာမှကို လုပ်ချင် ကိုင်ချင်စိတ်က မရှိနေပေ။ နို့ပေမယ့် ရှင်သန်နေထိုင်ရဦးမည်၊ ရုန်းကန်ရဦးမည် ဆိုသည့် အသိနှင့် လုပ်စရာ ရှိတာတွေကို လုပ်နိုင်သလောက်လေးတော့ လုပ်ဖြစ်နေပါ၏။ ရေးစရာ ရှိတာတွေကောပေါ့လေ။ ယခင်လောက် ရသ ရောပြွန်းသော အကြောင်းအရာတွေ မဖြစ်သေးပေမယ့် ပိုစ့် အရေး မပျက်အောင်တော့ အားထုတ် ဖြစ်ခဲ့၏။
လက်တလောတော့ ရသစုံထက် နေ့စဉ် ပိုစ့်တင်နိုင်ဖို့၊ power များများစုနိုင်ဖို့သာ တွေးထားပါ၏။ ကဒွန့် ပိုစ့်တွေ အရင်လောက် မကောင်းနေရင်လည်း နားလည်ပေးကြပါကုန်။ တချိန်ချိန်တော့ အရင်လို ရေးဟန် ပြောဟန်လေးတွေနဲ့ ပြန်လာခဲ့ပါဦးမည်။
ပြန်စဉ်းစားကြည့်မိတော့ ကျနော်လည်း အတော်လေး ရေးဖြစ်ခဲ့သား။ သရော်စာ၊ ဆောင်းပါး၊ ဝတ္ထု၊ မော်ဒန်၊ ကဗျာ၊ ဘောလုံး အကြောင်း၊ အစားအသောက် အကြောင်း၊ ရုပ်ရှင်တွေ အကြောင်း၊ ကိုယ့် daily life style အကြောင်းတွေ အစရှိသဖြင့်ပေါ့လေ။ တော်တော်လေး အစုံသုပ်ခဲ့ပါလား။ မည်သို့ပင် ဆိုစေကာမူ ခရီးဆက်နေရပေလိမ့်ဦးမည်။ နှေးချင် နှေးပါစေ မရပ်တန့်ဘဲ ဆက်လျှောက်လှမ်းနေသူအဖို့ ပန်းတိုင်က နီးလာမှာ အသေအချာပင်။