Goat still Goat
တချို့သော ကိစ္စတွေမှာ ကိုယ်တိုင်ကြုံရသူမှ မဟုတ် ဘေးက ကြည့်နေ မြင်နေရသူတောင် အဆင်မပြေတာမျိုးတွေ ရှိတတ်၏။ သူ ဝမ်းနည်း စိတ်ပျက်နေတာကို ကြည့်ပြီး ကိုယ်ပါ စိတ်မကောင်း ဖြစ်သွားသလိုမျိုးပေါ့။ ကာယကံရှင် နှင့်ထပ်တူ စိတ်မကောင်း ဖြစ်ရတာမျိုးဟု ဆိုရမည်ထင်။ အဆိုပါ ခံစားချက်မျိုးက ကိုယ်ချစ်ရ ခင်ရတဲ့သူဆိုရင် ပိုလို့ပင် ဆိုးမည် ထင်ပါ၏။
အသက် 40 အရွယ် ကစားသမား တယောက် အတွက် အနားယူသင့်သည့်အချိန် ရောက်နေပြီဟု ဆိုရင် မမှားလောက်ပေ။ ဒါပေမယ့် တဖက်မှာလည်း အနားယူသွားမှာကို မလိုချင်နေသေးပြန်ပေ။ ပြီး အနားမယူခင်လေးမှာ ဖလားအောင်မြင်မှုတွေ ထပ်မံရရှိသွားစေချင်သေး၏။ 40 ဆိုပေမယ့် 40 အရွယ်နဲ့ မလိုက်သည့် စွမ်းဆောင်မှုမျိုးတွေ လုပ်ပြထားနိုင်၏။ ပြီးခဲ့သော လကတင် ဂရင်းနစ် စံချိန်တွေ ဘာတွေတင်ပစ် လိုက်သေးသည် မဟုတ်လား။
ပြီးခဲ့ April 30 မှာ ကစားခဲ့သည့် AFC Champions League Elite Semi Final အဆင့်မှာ ဂျပန်ကလပ် Kawasaki ကို 2-3 ဖြင့် Al Nassr တို့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရ၏။ Al Nassr တို့ အခွင့်အရေးတွေ ပိုရခဲ့ပေမယ့် ကောင်းကောင်း အသုံးမချနိုင်ခဲ့ပေ။ အဆုံးသတ် မသေချာခြင်းထက် ကံကြမ္မာက Al Nassr ဖက်မှာမရှိနေခဲ့ဟု ဆိုရမည်။ အထူးအားဖြင့် Ronald အပေါ်မှာပေါ့။
အလွတ်တည်ကန်ဘောတွေ၊ အပိုင်ကန်သွင်းမှုတွေကို Kawasaki ဂိုးသမားနဲ့ နောက်တန်းက ကြံ့ကြံ့ခံကာကွယ် သွားခဲ့ကြ၏။ Al Nassr က ဖိကစားနိုင်ခဲ့သည် ဆိုပေမယ့် ဦးဆောင်ဂိုးတွေကိုတော့ Kawasaki အသင်းကသာ အရင်သွင်းယူခဲ့၏။ Al Nassr တို့ နောက်ကနေ လိုက်ကစားပြီးမှ ဂိုးတွေ သွင်းယူနိုင်ခဲ့၏။ ဒါပေမယ့် Final ထိ တက်ရောက်ရန် လုံလောက်သည့် ဂိုးအရေအတွကိုတော့ သူတို့ မသွင်းယူနိုင်ခဲ့ပေ။
ပွဲပြီး ခါနီး နောက်ဆုံးမိနစ်တွေမှာ Al Nassr တို့ အကောင်းဆုံး အခွင့်အရေးတွေ ရခဲ့၏။ သို့ပေမယ့် ဆိုခဲ့သည့်အတိုင်း ကံတရားက ကလူကျီစယ်သွားခဲ့၏။ Al Nassr အသင်းလား၊ အသင်း အားပေးသူ ပရိတ်သတ်ကိုလား၊ Ronald ကိုလား ဒါမှမဟုတ် သူတို့ အားလုံးကို မပျော်ရွှင်စေချင်ခဲ့ဘူး ထင်ပါရဲ့။ J League မှာ 2017 ကနေ 2022 အတွင်း ချန်ပီယံ 4 ကြိမ် ဖြစ်ခဲ့ပေမယ့် နောက်ပိုင်း နှစ်တွေမှာ အမှတ်ပေးဇယား အလယ်အလတ်အဆင့်လောက်မှာသာ ရှိနေခဲ့သည့် Kawasaki အသင်းကို Al Nassr တို့ အနိုင် မကစားနိုင်ခဲ့ပေ။
ပွဲအပြီးမှာ ဝမ်းနည်းပက်လက် စိတ်ပျက်စွာ ငြီးတွား ရေရွတ်နေသည့် Ronald ကို မြင်ရတာ တကယ် စိတ်မကောင်းပေ။ Saudi မြေကို ရောက်လာပြီး ကတည်းက သူ့မှာ Arab Club Champions Cup ဖလား 1 လုံးသာ ရယူထားနိုင်ခဲ့သေး၏။ အနားမယူသေးဘဲ နောက်တရာသီမှာ ဆက်လက်ကြိုးစားရင်း ဖလားတွေ အရယူသွားစေချင်သေး၏။ Al Nassr အနေဖြင့်လည်း ပြောင်းလဲ ပြင်ဆင်မှုတွေ လုပ်သင့်နေပြီ ဖြစ်၏။ ခုနောက်ပိုင်း Al Nassr ၏ ကစားပုံက အဆင်မပြေနေခဲ့ပေ။