Focus on Next Match
မနေ့က Futsal အုပ်စုပွဲစဉ် အဖွဲ့ပွဲမှာ ကျနော်တို့အသင်း ရှုံး၏။ ၆-၂ နဲ့ ရှုံး၏။ အစပိုင်းမှာ သူတင် ကိုယ်တင် ကစားနိုင်ခဲ့၏။ ဒုတိယပိုင်း နောက်ပိုင်း မိနစ်တွေမှာမှ ဂိုးတွေ ပြန်ပေးလိုက်ရခြင်း ဖြစ်၏။ တကယ့်ကို နှမြောစရာ။ ခြေစွမ်းကောင်းခဲ့ပေမယ့် ကံတရားက ကျနော်တို့ဘက်မှာ ရှိမနေခဲ့ပေ။ တဖက်အသင်း ရသွားသည့် ဂိုးတွေက ဘာမှကို မဆိုင်ပေ။ ထိုသို့ ပြောလို့ အချောင်ရသွားသည် ဆိုသည့် သဘောမျိုး မဟုတ်ပေ။ သိပ် အားထုတ်စရာ မလိုဘဲ ဂိုးတွေ ရသွားခြင်း ဖြစ်၏။
ရန်ကုန်အထိ အပျော်တန်းကလပ် ပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်ထားသည့် အသင်းမို့ လူစာရင်းကောင်း၏။ အသင်းကြီး တသင်းဟုလည်း ပြောလို့ရ၏။ အချိန်တခုစာလောက် ဒေသတွင်း ပြိုင်ပွဲတွေမှာ သူတို့ကို မတွေ့ရဘဲ ယခု ပြိုင်ပွဲမှ တဖန် မြင်တွေ့ရခြင်း ဖြစ်၏။ ကျနော်တို့နှင့် အနေအထားခြင်းက ကွာ၏။ နို့ပေမယ့် အမေ ပြောနေကြ စကားလို ဘောလုံးက အလုံးကြီး မလား။
ကျနော်တို့ အကောင်းဆုံး တုန့်ပြန်ကစားခဲ့၏။ သူတို့ အနေဖြင့်လည်း အတော်လေး အခက်တွေ့ခဲ့ရ၏။ 2-2 သရေကျနေချိန်မှာ သူတို့အသင်း အချိန်ခဏလောက် ပြာယာခတ်သွားခဲ့၏။ နို့ပေမယ့် အသင်းကြီး တသင်းပီပီ သူတို့ တညိငြိမ်အောင် ပြန်လုပ်နိုင်ခဲ့ပြီး လိုချင်သည့် ရလဒ်ကို အရယူသွားနိုင်ခဲ့၏။
မနေ့ မနက်က ဆွမ်းထ လောင်းတော့ ခွေးအီးပုံ နင်းမိ၏။ ပွဲကန်မယ့် ရက်မှဆိုတော့ အတိတ်နမိတ်ကောင်းပေါ့ ဆိုပြီး မှတ်ယူထားလိုက်၏။ ဒါပေမယ့် တကယ်ကြ ထိုသို့ မဟုတ်ခဲ့ပေ။ ပွဲ စပြီး မကြာခင်မှာပဲ ပြိုင်ဘက် ကစားသမားက ကျနော့်အား ဥပဒေ ပြင်ပ ဖျက်ထုတ် ကစားလိုက်သဖြင့် အနည်းငယ် ဒဏ်ရာရပြီး ပွဲကနေ ခဏ နားလိုက်ရသေး၏။ အတန်ကြာမှ ပြန်အဆင်ပြေ၏။ သို့ပေမယ့် ကောင်းကောင်း မကစားနိုင်တော့ပေ။
ပွဲပြီးလို့ အိမ်ပြန်ရောက်ချိန်ထိ နာနေခဲ့၏။ ညဘက် ထမင်းစားပြီးချိန်မှာတော့ တူလေးအား ဆေးလိမ်းခိုင်းရလေတော့၏။ မြန်မြန် သက်သာဖို့ လို၏။ ပွဲစဉ်တွေ ကျန်နေသေး၏။ လက်ကျန်ပွဲစဉ်တွေက ကျနော်တို့ အတွက် တကယ် အရေးကြီး၏။ လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းမှ နောက်တဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်၏။
ပထမပွဲစဉ်က အမှားအချို့ကို သင်ခန်းစာ ယူပြီး နောက်ပွဲစဉ်တွေမှာ ပြင်ဆင်ကာ အကောင်းဆုံး ရလဒ်တွေ ရအောင် စွမ်းဆောင်သွားဖို့ လိုမည် ဖြစ်၏။ အကောင်းဆုံးလည်း လုပ်နိုင်မယ်လို့ ယုံကြည်ပါ၏။