Congratulations Kane
Bundesliga မှာတော့ Bayern Munchen တို့ ချန်ပီယံ ဖြစ်ခဲ့ပြီ။ ရာသီ သိမ်းခါနီး ကတည်းက ချန်ပီယံ ဖြစ်ဖို့ များနေပြီးသားပါ။ ဒါပေမယ့် သင်္ချာနည်းလမ်းအားဖြင့် အမှတ်ကွာဟမှုကို ထည့်သွင်း စဉ်းစားနေရသေးသည် မဟုတ်လား။ Round 32 မှာ Bayern Munchen က သရေကျခဲ့သဖြင့် ဖလား ရယူရမယ့် ဟာ နောက်ကျ ပြန်ပြီပေါ့။ ဖြစ်ချင်တော့ အဆင့် ၂ က Leverkusen ကလည်း ပြိုင်ဘက်နဲ့ သရေကျခဲ့ သောကြောင့် Bayern Munchen တို့ ရာသီသိမ်းဖို့ နှစ်ပွဲအလိုမှာပင် အတိအလင်း အသေအချာ ချန်ပီယံ ဖြစ်လို့ သွားခဲ့လေ၏။
Bayern Munchen ကစားသမား Harry Kane အတွက်တော့ ဝမ်းသာစရာပင်။ Tottenham အသင်းမှာ 10 ရာသီမက ကစားခဲ့ပေမယ့် အဓိက ဆုဖလား အောင်မြင်မှုရယ်လို့ လက်ဆုပ် လက်ကိုင် မပြနိုင်ခဲ့ပေမယ့် ခုချိန်မှာတော့ Bundesliga ချန်ပီယံဆုကြီးကို ရယူနိုင်ခဲ့ပြီ ဖြစ်၏။
Tottenham အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း Kane ဟာ 2023/24 ဘောလုံးရာသီမှာ Bayern Munchen အသင်းကို ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ Bayern Munchen ကစားသမား အစကတော့ အဖွင့်မလှခဲ့ပါဘူး။ နှစ်တိုင်း ဖလားတလုံး မဟုတ် တလုံးရလေ့ ရှိတဲ့ Bayern Munchen တောင် အဆိုပါ နှစ်က ဘာဖလားမှ မရခဲ့ပါဘူး။ Kane ရောက်လာလို့ Bayern Munchen တောင် ဖလားမရတော့ဘူးဟဆိုပြီး လှောင်ပြောင်ခံခဲ့ရပါတယ်။
ဒီနှစ်မှာတော့ လှောင်ရယ်သံတွေ ရပ်တန့်သွားခဲ့ပါပြီ။ Kane တယောက် ချန်ပီယံဆုတံဆိပ် ပိုင်ရှင် ဖြစ်ခဲ့ပါပြီ။ Kane အတွက် ဝမ်းသာ ဂုဏ်ယူ မိပါတယ်။ တဖက်မှာလည်း Kane ရဲ့ တွဲဖက်ကစားဖော်ဟောင်း Son အတွက်လည်း ဝမ်းနည်းရပြန်ရော။ Kane လိုပဲ Son ဟာလည်း ဆုဖလား အောင်မြင်မှုနဲ့ ထိုက်တန်သူပါ။ 2018/19 Champion League ဗိုလ်လုပွဲမှာ Liverpool ကို 0-2 နဲ့ ရှုံးနိမ့်ခဲ့ရပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အဆိုပါ ကာလတွေတုန်းက Kane နဲ့ Son ဟာ တကယ်ကို အတွဲညီတွေ တိုက်စစ် အတွဲအဖက်ပါပဲ။
လက်ရှိ Europa League မှာ Tottenham တို့ ဗိုလ်လုပွဲ ရောက်ဖို့ အခြေအနေကောင်းနေပါတယ်။ ဒါပေမယ့် ကျနော်တို့ United နဲ့ ဗိုလ်လုပွဲမှာ တွေ့ရဖို့ များနေတော့ Sonny ကို ဖလား ရစေချင်ပေမယ့် ကိုယ့် United ကိုပဲ ဖလားရစေချင်ပြန်ပါသေးတယ်။ Sonny ရေ Good Luck ပါ။
(photo from Bayern Munchen page)
!hiqvote