ဘေးရန် ကင်းကွာကြပါစေ

နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးခဲ့ပြီ။ မြန်မာ နှစ်ကူး သင်္ကြန် အခါသမယမှာ Hive မိသားစုဝင်တွေ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေလို့ ဦးစွာပထမ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ဒီနှစ် သင်္ကြန်လည်း ယခင်နှစ် သင်္ကြန်လိုပဲ ရေကစားခြင်း၊ လည်ပတ်ခြင်းတို့ မလုပ်ဖြစ်ပေ။ သင်္ကြန် မလည်ဖြစ်တာ ကြာခဲ့ပြီ။ တိတိကျကျ ဆိုရရင် COVID 19 မတိုင်ခင် ကာလ မှာကတည်းက မလည်ပတ် ဖြစ်တော့ပေ။ ငဗစ်အလွန်မှာ ငစစ်နဲ့ပါ ထပ်ကြုံတော့ ပိုလို့ပင် မလည်ဖြစ်တော့ပေ။

ကျနော်က သင်္ကြန်ထက် တန်ဆောင်တိုင်ကို ပိုပြီး ကြိုက်နှစ်သက်သူ ဖြစ်၏။ ထိုသို့ ပြောပေမယ့် တန်ဆောင်တိုင်လည်း မလည်ဖြစ်တာ ကြာခဲ့ပြီ။ အသက်အရွယ် ကြောင့်ရယ်ပဲလားတော့ မသိပေ။ ပွဲလမ်းသဘင်တွေ သိပ်မကြိုက်တော့ပေ။ လူရှုပ်ရှုပ် လူများများဆို မသွားချင်တော့ပေ။ ကိုဗစ်၏ သက်ရောက်မှုတွေကြောင့်လည်း ပါမည်။ ခေတ်စနစ်တွေ ဆန်းသစ် လာခဲ့သလို ရောဂါတွေကလည်း အသစ်အသစ်တွေ ပေါ်၊ ပေါများလို့ လာခဲ့သည် မဟုတ်လား။

လည်ပတ်ခြင်း မရှိ‌ပေမယ့် ဘုန်းကြီးကျောင်းတက်၍ ကုသိုလ် ယူခြင်းကိုတော့ လုပ်ဆောင် ဖြစ်ပါ၏။ ဒါကတော့ မဖြစ်မနေကို လုပ်ရမယ့် အရာပင်။ သင်္ကြန်ဆို ရေကစားရမယ် ဆိုတာထက် ဘုန်းကြီးကျောင်းတက်ပြီး ကောင်းမှု ကုသိုလ် လုပ်ရမယ်ဆိုတဲ့ မျိုးစေ့ကို ငယ်ငယ်ကတည်း ချပေးခြင်း ခံခဲ့ရ၏။ ကျနော်တို့ ဆီမှာက သင်္ကြန်တတွင်းလုံး ဘုန်းကြီးကျောင်း တက်ကြ၏။ နှစ်ဆန်းတရက်နေ့ကတော့ ကျောင်းတက်သူ ပိုပြီး များလေ့ ရှိ၏။

တရက်ထဲ တကျောင်းမဟုတ်၊ တရက်ထဲကို သုံး လေး ငါး ကျောင်း တက်ကြလေ့ ရှိ၏။ ပြီး တရက်ထဲ မဟုတ် သင်္ကြန်တတွင်းလုံး ဖြစ်၏။ ချစ်ဖို့ ကောင်းသည့် ရိုးရာဓလေ့ပင်။ ဘုန်းကြီးကျောင်းတက်သူတွေကို တဖန်ပြန်ပြီး ကုသိုလ်ပြုသည့် စတုဒီသာ အလှူလေးတွေကလည်း ရှိလေ၏။ အစားအသောက်တွေ အမျိုးစုံလင်လှ၏။ ပဲခြမ်း ဂျင်း လက်ဖက်ကတော့ ပင်တိုင်စံပေါ့။ ဘုန်းကြီးကျောင်းတွေမှာတင် မဟုတ်ဘဲ လမ်းသွားလမ်းလာတွေကို ကုသိုလ်ယူသည့် စတုဒီသာတွေလည်း ရှိပါသေး၏။ ကျနော်တို့၏ သင်္ကြန်က အပျော်ချည်းသက်သက် မဟုတ်ဘဲ ကုသိုလ်ယှဉ်တွဲသည့် အပျော် ဖြစ်လေ၏။

သင်္ကြန် ဘုန်းကြီးကျောင်း မတက် ဖြစ်သည့် ရက်တွေလည်း ရှိသေး၏။ ကျနော် ဒုလ္လဘရဟန်းခံ ဖြစ်သည့် နှစ်၊ ကျနော် တရားစခန်း ဝင်ဖြစ်သည့် နှစ်တွေမှာပေါ့။ ဒီနှစ်မှာတော့ မနက်ဖက်ကို ဘုန်းကြီးကျောင်းတက် ကုသိုလ်ယူပြီး ညနေဘက်တွေမှာတော့ သူငယ်ချင်း တယောက်ယောက်၏ အိမ်မှာ စုကြပြီး အစားအသောက်တွေ လုပ်စားကြရင်း ဂိမ်းကစားကြ၏။ အခါတွင်းဆိုတော့ ရုံးပိတ်၊ အလုပ်ပိတ် အားလပ်ချိန်လေး ရကြသဖြင့် ဆုံဖြစ်ကြခြင်း ဖြစ်လေ၏။

အချုပ်ဆိုရသော် ဒီနှစ်သင်္ကြန်သည်လည်း ယခင်နှစ်တွေက သင်္ကြန်တွေလိုပဲ ဖြတ်သန်း ဖြစ်ပါ၏။ နောင်တွင်လည်း ယခုလို ပုံစံမျိုးနဲ့သာ ဖြတ်သန်း ဖြစ်မယ် ထင်ပါ၏။ အခါအခွင့်သင့်ရင်တော့ တရားစခန်း ထပ်ဝင်ပါဦးမည်။



0
0
0.000
9 comments
avatar

သင်္ကြန် မည်သို့ ပြီးသွားသည် မသိတော့ပေ။
!LOLZ
!MEME

0
0
0.000
avatar

အတူတူပါပဲဗျာ။

0
0
0.000
avatar

!LUV. !MEME

0
0
0.000