အရင်လို အရင်တိုင်းသာ

avatar

သီတင်းကျွတ် လပြည့်နေ့က ဘုန်းကြီးကျောင်းတက်၏။ အများကြီးမဟုတ်ပါဘူး။ သုံးကျောင်းထဲပါ။ ကန်တော့စာကိုတော့ လေးကျောင်းစာလောက် ဝယ်ထား၏။ သုံးကျောင်းသာ ကိုယ်တိုင်ကိုယ်ကျ တက်ဖြစ်ပြီး ကျန်တကျောင်းစာကိုတော့ ဦးလေး အဒေါ်တို့ သွားနေကြ ဘုန်းကြီးကျောင်းသို့ အကြုံပါး လှူလိုက်၏။

လပြည့်နေ့ မတိုင်ခင် ညက မိုး အကြီးအကျယ် ရွာ၏။ မနက်ပါ ရွာနေရင်တော့ ခက်ပြီဟု အဲ့တုန်းက တွေးပူမိသေး၏။ ကံကောင်းလို့ လပြည့်နေ့မှာတော့ မိုးမရွာပေ။ ဘုန်းကြီးကျောင်းတက်ပြီး ကုသိုလ်ရေး လုပ်လိုသူတွေအတွက် အဆင်ပြေသွားခဲ့၏။ ရာသီဥတုကောင်းတော့ ကျောင်းတက်သူ ပိုများပြီး အလှူစာ (ကန်တော့စာ) လည်း ပိုရ၏။ ကုသိုလ်လည်း ပိုရတာပေါ့။

မနက်နဲ့ နေ့မှာ မရွာပေမယ့် ညဘက်မှာတော့ ရွာ၏။ ဒီသီတင်းကျွတ်မှာ တိုက်တိုက်ဆိုင်ဆိုင် တေးဂီတ ဖျော်ဖြေပွဲ ရှိ၏။ လေးရက် ဆက်တိုက် ဖြစ်၏။ Free show တော့ မဟုတ်ပေ။ တရက်ကို ငါးသောင်းဆိုလား။ ကျနော် မသွားဖြစ်။ ကိုယ်ကြိုက်သည့် အဆိုတော်တွေ ပါ၏။ ပိုက်ဆံပေးရလို့ မသွားတာမျိုး မဟုတ် free show ဆိုရင်လည်း သွားဖြစ်မှာ မဟုတ်ပေ။

မပျော်ရတာ ကြာပြီမို့ ပျော်ချင်တာတော့ အမှန်ပင်။ နို့ပေမယ့် ဒီအချိန် ဒီကာလကြီးမှာ အဲ့လို သွားပျော် ခုန်ပေါက် ရမှာကို အားနာနေမိ၏။ ထို့ကြောင့် မသွားဖြစ်ပေ။ တချို့တွေကတော့ အဆိုပါ show ပွဲ သွားသူတွေကို ဝေဖန် အပြစ်တင်နေကြ၏။ ရေပေါ်ဆီတွေ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့။

Show ပွဲ သွားသူတွေထဲ ဘာမှ မကူ နေသာသလို နေသူတွေလည်း ပါနိုင်သလို မနားမနေ ပါဝင်ပြီး နိုင်သလောက် ကူနေသူတွေလည်း ပါနေနိုင်တာပဲ မဟုတ်လား။ လူသားတွေပဲမို့ ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက် ချင်ကြမှာပဲလေ။ ဘဝ အမော ခဏပြေရာ ပြေကြောင်းလေး ဖြစ်ဖြစ်ပေါ့။ ဒီကာလကြီးမှာ အားလုံးက ခက်ခဲ ပင်ပန်းနေကြတာပါပဲ။

ထို့ကြောင့် သွားသူ၊ မသွားသူတွေကို ဘာဖြစ်တယ် ညာဖြစ်တယ် မှတ်ချက် မပေးနေတော့ပေ။ အမြဲတမ်းကြီးလည်း စိတ်ညစ်နေလို့မှ မရဘဲ တခါတလေ ပျော်ဖို့လည်း လိုသေး၏။ ကျနော်ဆို ပွဲလမ်းသဘင်တွေ မသွားမလာ ဖြစ်တာ အတော်ကြာခဲ့ပြီ။ အဲ့တော့ လူက ဘာဖြစ်လာလဲဆို စိတ်တွေမာဆတ်ဆတ်နဲ့ ခံစားချက်က မနူးညံ့တော့ပေ။ စိတ်ကို ပြန်လေ့ကျင့် ပေးရပေလိမ့်ဦးမည်။

ယခင်လို ယခင်လောက် မပျော်ဖြစ်ပေမယ့် အရင်လို ကောင်းမှုတွေတော့ လုပ်ဖြစ်ပါ၏။ တကမ္ဘာလုံး၊ ကျနော်တို့ နိုင်ငံသူ နိုင်ငံသားတွေ အားလုံး ဘေးဒုက္ခ အပေါင်းမှ အမြန်ဆုံး ကင်းဝေးနိုင်ကြပါစေ။



0
0
0.000
4 comments
avatar

ဟုတ်တယ် မပျော်ရတာ အတော်ကြာပါရော။
!LOLZ
!MEME

0
0
0.000
avatar

တချိန်တော့ ပျော်ရမှာပါ။

0
0
0.000
avatar

ဟုတ်တယ်။ ဒီမှာလည်း ညကမိုးရွာတော့ လပြည့်နေ့ မိုးရွာမှာ စိုးရိမ်မိသေးတယ်။ ပြင်ဉီးလွင် မှာတော့ Free show ကို ကန်တော်ကြီးမှာ ကျင်းပပေးတယ်။ မန်းလေးက တက်လာတဲ့ လူတွေဆိုတာ မနဲမနောပဲ။ ဒါတောင် သူတို့မန်းလေးက ကျောက်တော်ကြီးပွဲရှိသေးတာနော် 😅။

!PIZZA

0
0
0.000