အသည်းကွဲနည်း အသစ်

လူရယ်လို့ ဖြစ်လာရင် ချစ်တတ်ကြမယ်ထင်ပါရဲ့။ ချစ်လည်း ချစ်တတ်ကြသလို မုန်းလည်း မုန်းတတ်ကြပါရဲ့။ ပြီး အသည်းလည်းကွဲဖူး ကြမယ် ထင်ပါရဲ့။ ကျနော်လည်း ချစ်တတ်ခဲ့၊ အသည်းကွဲခဲ့ဖူးပါရဲ့ဗျာ။ ဒါပေမယ့် မုန်းတော့ မမုန်းခဲ့ဖူးပေ။ မုန်းဖို့ ချစ်ခဲ့တာမှ မဟုတ်တာကို အကြောင်းအခွင့် မတိုက်ဆိုင်လို့ ဒီအတိုင်း လမ်းခွဲသွားကြရတာမို့ပါ။ ကိုယ့်ဘက်က စစ်မှန်မှုတွေချည်း ပေးခဲ့တာပါ။ တဖက်က စစ်မှန်မှု မရှိခဲ့တာကတော့ ကိုယ့်ကံပေါ့လေ။

အမယ် ဒီလိုတွေ ပြောနေလို့ ကဒွန်ကြီး ရင်ဖွင့်နေပြီ။ ကြေကွဲနေပြီလို့ ထင်ကုန်ကြဦးမယ်။ ဒီအသက်အရွယ် ရောက်မှတော့ တော်ပါပြီလေ။ ကျနော်က စိတ်လျော့ထားလိုက်ပေမယ့် အမေကတော့ မလျော့သေးပေ။ ဖူးစာပါရင်တော့ ရချင် ရဦးမှာပေါ့တဲ့။ ယူချင်စိတ် ရှိဦးမှလည်း ရဦးမှာ မလား။ ယူရအောင် ချစ်သူ ရည်းစားမှ မရှိနေတာ။ ကိုယ်က ချစ်၊ ကိုယ့်ကို ချစ်နေတာလည်း မရှိပေ။

လိုချင်ရဲ့သားနဲ့ မရ၊ မလိုချင်ရဲ့သားနဲ့ ရ မဟုတ်ဘဲ မလိုချင်လို့ကို မရတာ။ ဘယ်လောက်များ နားအေးလိုက်လေ သနည်း။ ကျနော့် အသိထဲမှာ တယောက်ဆို ရည်းစား တအားလိုချင်တာ။ ဒါပေမယ့် ဘယ်တယောက်နဲ့မှကို ကြာကြာ မတွဲလိုက်ရ၊ မမြဲသွားခဲ့ဘူးရယ်။ ပြီး သူကြိုက်တဲ့သူက သူ့ပြန်ကြိုက်တာ အင်မတန် နည်းတယ်။ တယောက်ကကြ သူ့ကို လာကြိုက်နေတာ။ ဒါပေမယ့် သူက အဲ့တယောက်ကို ပြန်မကြိုက်နိုင်နေတာ။ လိုတာ မရ၊ ရတာ မလိုတွေပေါ့။ (လိုတရ အမွှေးတိုင် ပူဇော်သင့်)

ကျနော့်ဖို့တော့ တယောက်ထဲလည်း နေသားကျနေခဲ့ပါပြီလေ။ ဒီအတိုင်း အပူအပင်ကင်းကင်းနဲ့ ကိုယ့်အချိန် ကိုယ်သာပိုင်ပေါ့။ တကယ်ချစ်တဲ့သူ မတွေ့သေးလို့ပါ ကဒွန်ရယ်ဟု မိတ်ဆွေတို့ ပြောကြမည်ထင်။ ချစ်ခဲ့ဖူးပြီးပြေလေ။ ပျော်ခဲ့ရသလို ကြေကွဲခဲ့ရတာပဲလေ။ ထပ်ချစ်ပေါ့ ပြောပြန်ရင်လည်း မချစ်ချင်တော့ပေ။ အချစ်ကို ကြောက်သွားလို့လား၊ မုန်းသွားလို့လား ဆိုတော့ မဟုတ်။ ဒီအတိုင်းကို မချစ်ဖြစ်၊ ချစ်ဖို့ မတွေးထားတော့တာ။ အချစ်က သူ့သူနေ၊ ကျနော်လည်း ကျနော့် ကိုယ့်ကိုနေ အဲ့လိုမျိုး။

တကယ်တော့ အသင်းက ညီလေးတယောက် အသည်းကွဲနေတာကို ကြည့်ပြီး ကိုယ် ချစ်ခဲ့ဖူးတဲ့အကြောင်း တွေးမိနေတာပါ။ သောက်တတ် စားတတ်လို့ရယ် မဟုတ်ဘဲ ကိုယ်တွေ အသည်းကွဲတုန်းက နည်းနည်းပါးပါး သောက်လိုက်သေးတယ်။ ရုပ်ရှင်တွေ၊ သီချင်းတွေထဲကလိုပေါ့လေ။ ဒီအတိုင်း စိတ်ပြေရာ ပြေကြောင်း စိတ်ထွက်ပေါက် အနေနဲ့ပေါ့။ ခဏတဖြုတ်တော့ မေ့သွားတာပေါ့လေ။ ဒါပေမယ့်လည်း အရှိန်မပြယ်သေးတော့ ခံစားရတာပါပဲ။ အချိန်ကြာလာမှ သက်သာတာ။ အချိန်ဆိုတာ အကောင်းဆုံး မေ့ဆေးမလား။ အရင်လောက် မနာကျင်တော့ပေမယ့် တိုက်ဆိုင်မှု ရှိရင်တော့ သတိရမိတာပါပဲလေ။

ခု ညီလေးက တခါသား အသည်းကွဲတုန်းက တလုံးကိုလား၊ တပြားကိုလား တယောက်ထဲ သောက်ခဲ့ဖူးတယ် ဆို၏။ ဆိုးဆိုးရွားရွားတွေ ဖြစ်လို့ ထပ်မသောက်တော့တာဟု ပြော၏။ တရက်သား ကျနော်တို့ ဆုံဖြစ်တော့ သူလည်းပါ၏။ ကိုယ်တွေက အကင်လေးဘာလေး စားရင်း နည်းနည်းပါးပါးသောက်ပေါ့။ သူကတော့ ရေသောက်ရင်း အသည်းကွဲနေ၊ မျက်ရည်တွေ ဝဲလို့နေ၏။

ပြိုင်ပွဲ ဝင်ဖို့ ရှိသောကြောင့် Training က နေ့တိုင်းလုပ်၏။ ပြိုင်ပွဲဝင် ကစားသမားမဟုတ်လည်း training လာဆင်းလို့ရ၏။ အဆိုပါ ညီလေး နေ့တိုင်းလာ၏။ လာတာမှ အစောကြီးကို လာတာ။ ကျနော်တို့ ကန်မယ့်၊ လေ့ကျင့်မယ့် အချိန် မဟုတ်ဘဲ နာရီတွေ အစောကြီးကို ကြိုရောက်နေတာ။ ဒီအတိုင်း နေလည်း သတိတွေရနေလို့ ကိုယ့်အသင်း ကန်ချိန် မဟုတ်လည်း အခြားအသင်းတွေ လူလိုလို့ ဝင်ကန်ပေးပါပြောရင် ကန်လို့ ရအောင်တဲ့လေ။ သူ အသည်းကွဲပုံလေးက တမျိုးတော့လည်း ကောင်းနေပါ၏။



0
0
0.000
3 comments
avatar

အသည်းကွဲယုံတင်ဆို တော်သေးတာပေါ့ .. အချစ်ကိုနောက်ထပ်မမြင်ချင် မသိချင်တဲ့ထိ မဖြစ်ဖို့ပဲကရုစိုက်ပါလို့

0
0
0.000
avatar

ကလေးမက ပြန်ဆက်သွယ်လာနေပြန်ပြီတဲ့လေ။
😅

0
0
0.000
avatar

ကြာအေးနဲ့မုန့်လုံးမဖြစ်စေနဲ့လို့

0
0
0.000