Another Futsal Shoe for Me

February 7 ရက်နေ့ဆို ကျနော်တို့အသင်း စတင် ဖွဲ့စည်းဖြစ်တာ ၈ နှစ်ပြည့်မည် ဖြစ်၏။ ဒီနှစ်မှာလည်း ရှေ့နှစ်လိုပဲ အမှတ်တရ ပြိုင်ပွဲ လုပ်သွားဖို့ ရှိ၏။ ဒီတကြိမ်မှာတော့ ကိုယ့်အသင်းသားတွေချည်း အသင်းခွဲကန်တာမျိုး မဟုတ်ဘဲ ရင်းနှီးသည့် အသင်းတွေကိုပါ ဖိတ်ကြားပြီး ဖိတ်ခေါ် ပြိုင်ပွဲလေး လုပ်သွားမည် ဖြစ်၏။ တနေ့က အဆိုပါ အသင်းတွေထဲက တသင်း Jersey လုပ်မည် ပြောသဖြင့် အားကစားပစ္စည်းဆိုင်သို့ လိုက်ကူ၏။

ပထမ တဆိုင်မှာ သူတို့ကြိုက်သည့် jersey တွေ့၏။ ယူမယ်လုပ်တော့ size က မစုံနေပေ။ size ကြီး ၂ ထည် လိုနေ၏။ တခြားဒီဇိုင်း ထဲကကြ မကြိုက်တာနဲ့ နောက်တဆိုင် ပြောင်းကြရ၏။ ပထမ သွားကြည့်သည့် ဆိုင်က ကျနော်တို့ သိပ်မသွားဖြစ်သည့် ဆိုင် ဖြစ်၏။ သူတို့ jersey ရွေးနေတုန်း ကျနော်က Futsal shoes တွေ လိုက်ကြည့်နေမိ၏။ မြက်တုကွင်း အတွက် ဖိနပ်တွေပဲ များနေ၏။ လိုက်လျှောက်ကြည့်ရင်း ဖိနပ်စင် အပေါ်ဆုံးမှာ မြက်တုမဟုတ်ဘဲ ပါကေးကွင်း ဖိနပ် သွားတွေ့၏။ ကိုယ့် အရပ်နဲ့ မမှီသည့် နေရာမို့ ထိုင်ခုံပေါ် တက်ပြီး လှမ်းယူ ကြည့်မိ၏။

Giga brand ဖြစ်၏။ သိပ်တော့ မကြားဖူးပေ၊ ဝတ်လည်း မဝတ်ဖူး။ Google ခေါက်ကြည့်တော့ ထိုင်းစာတွေနှင့် ပေါ်လာ၏။ ထိုင်းက ထုတ်တယ် ထင်ပါရဲ့။ ချုပ်ရိုး ချုပ်သားနှင့် ဒီဇိုင်းလေးက မဆိုးပေ။ ပြီး size ကလည်း ကျနော့် size ဖြစ်နေ၏။ Euro 2024 ဆိုပြီး ဖိနပ် နောက်မှာ ပါနေတော့ ၂၀၂၄ ခုနှစ်က ထုတ်ထားတာ ဖြစ်မယ်။ ကြာနေပြီ ဆိုပေမယ့် ဒီဇိုင်းကတော့ ဟောင်းမသွားသေးပေ။ ဖိနပ်က အဖြူရောင် ဖြစ်၏။

ရယ်ရတာက ကျနော် အဖြူရောင် မကြိုက်ပေ။ မကြိုက်တာက အပေ မခံလို့ ဖြစ်၏။ အင်္ကျီတွေ ဝယ်ရင်တောင် အဖြူကို တက်နိုင်သလောက် ရှောင်၏။ အမှန်တော့ အဖြူကို နှစ်သက်၏။ အပေမခံလို့ တနည်းအားဖြင့် လျှော်ရပြုရ ခက်လို့ အဖြူကို ကြိုက်ပေမယ့် မကြိုက် မဝယ်သည့် စာရင်းထဲ ထည့်လိုက်ခြင်း ဖြစ်၏။ မကြိုက်ဘူး ပြောထားပေမဲ့ ကျနော့်မှာ Jersey အဖြူရောင် ၃ စုံ ရှိလေ၏။

အဖြူရောင်နဲ့ ပတ်သက်ပြီး ထိုသို့ တွေးထားပေမဲ့ ပြီးခဲ့သော ပြိုင်ပွဲမှာ ကစားဖို့ဆိုပြီး သူငယ်ချင်း ဝယ်ပေးထားသည့် ဖိနပ်က အဖြူရောင် ဖြစ်နေ၏။ ခု ဖိနပ်ကလည်း အဖြူရောင်။ အကြမ်းစီး သဘောမျိုး၊ အပို တရံ အနေနဲ့ ဆောင်ထားမယ်ဆိုသည့် စိတ်ကူးနဲ့ စမ်းစီးကြည့်၏။ လုံးဝ ကွက်တိ၊ လှုပ်ရှား ကန်ပြုလို့လည်း ကောင်း၏။ ဈေးနှုန်း မေးကြည့်တော့ ဈေးလည်း သင့်နေ၏။ ဒီဈေးနဲ့ဆို ဒီပုံစံ ဖိနပ်မျိုး ဘယ်မှာမှ မရနိုင်ပေ။ အဓိကက ဒီ size ဒီ တရံပဲ ကျန်သဖြင့် ဈေးလျော့ပေးထားခြင်းလည်း ဖြစ်၏။

ဈေးလည်းတန် ကိုယ်လည်း သဘောကျနေတာနဲ့ ဝယ်လာခဲ့လိုက်၏။ ဖိနပ်ဖိုး ပြန်ရအောင် ပိုစ့် ကောင်းကောင်းလေး ပုံမှန် တင်မှ ရပေတော့မည်။



0
0
0.000
0 comments